Wednesday, 12 September 2007

နှစ်ချို့ကဗျာများ (၂)

အကိုတော်က cbox မှာ အဖေ့ရဲ့စာတွေတင်သင့်ကြောင်း ပြောလာတော့လည်း နဂိုကတည်းက လိမ္မာတတ်တဲ့ သူဆိုတော့ ချက်ချင်းရေးပြီးတင်လိုက်ပါတယ်…ဒီကဗျာလေးကို နှစ်ချို့ကဗျာ(၂) ဆိုပြီးတင်မယ်လို့ စိတ်ကူးမိတယ်…ကျမ အဖေရဲ့ကလောင်နာမည်ကတော့ မျိုးရာဇာညွန့် ပါ…အဖေမရှိတော့ပေမဲ့ အဖေ့အတွက် အမှတ်တရလေး အနေနဲ့ သူချစ်မြတ်နိုးတဲ့ ကဗျာလေးတွေကို ဖြန့်ဝေပေးလိုက်ပါတယ်…အဖေသာရှိရင် ဘယ်လောက်များ ၀မ်းသာလိုက်မလဲ…။


သက်တန့်ခုနစ်လွှာ၏အလယ်မှာ အစိမ်းရောင်ရှိသည်။


သည်မိန်းကလေး

ဖယောင်းရုပ်သဖွယ် နွဲ့နှောင်းသည်ကိုလည်း

ကျွန်ုပ်သိ၏…။

သည်မိန်းကလေး

ယမင်းရုပ်သဖွယ် သွဲ့ပြောင်းသည်ကိုလည်း

ကျွန်ုပ်သိ၏…။

သည်မိန်းကလေး

ဥသြငှက်သဖွယ် အသံသာသည်ကိုလည်း

ကျွန်ုပ်သိ၏…။

သည်မိန်းကလေး

ပျားရည်သဖွယ် အနမ်းချိုမြိန်သည်ကိုလည်း

ကျွန်ုပ်သိ၏…။

သည်မိန်းကလေး

သမင်ပျိုသဖွယ် မျက်လုံးရှိနေသည်ကိုလည်း

ကျွန်ုပ်သိ၏…။

သည်မိန်းကလေး……..

……………………………

……………………………

ထို့ပြင်

သည်မိန်းကလေးတွင်

ချစ်သူကိုပင်မေ့နိုင်စွမ်းသော

အမ်(မ)နီးရှားခေါ်

အတိတ်မေ့ရောဂါစွဲကပ်သွားပြီကိုလည်း

ကျွန်ုပ်ကောင်းကောင်း သိလိုက်ရပါ၏…။

(ကွယ်လွန်ခဲ့ပြီးသော ဖခင်အတွက်...)


2 comments:

မေပျို said...

သီသီရေ.....
ဒီကဗျာကိုဖတ်ပြီး သဲလည်းဦးကြီးကို သတိရမိပါတယ်...

May said...

nice! be glad in heaven, uncle!