ဒီတခါတော့ နှစ်ချို့ကဗျာများ (၃) ကိုဆက်လက်မျှဝေဖို့ စိတ်ကူးမိပါတယ်…အခုကဗျာလေးက နွေသစ်ရွက် ထဲက မဟုတ်ဘဲ ၁၉၈၁ ခုနှစ်မှာ ထုတ်ဝေတဲ့ ရွှေနှလုံးသား ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ… နွေသစ်ရွက် တုန်းကလိုပဲ ကျမအဖေနဲ့ သူ့သူငယ်ချင်းတွေ စုပေါင်းထုတ်ဝေတဲ့ ကဗျာစာအုပ်လေးပါ… ကျမနှစ်သက်တဲ့ ဦးမင်းလူရဲ့ ကဗျာလေးကို အရင်ဆုံး ဖြန့်ဝေလိုက်ပါတယ်…
"ဦးမင်းလူ နုတ်ထွက်သွားခြင်း"
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်လောက်တဲ့လူကို
ဖိတွယ်တတ်တာဆိုယင်…။
ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက်ဖွင့်ပြောတတ်တာဆိုယင်…။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး
တခုထဲအတွက်ကြံစည်တာဆိုယင်…။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတပါးအပေါ်
အထက်စီးကဆက်ဆံခွင့်ရတာဆိုယင်…။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှုးချုပ်ရဲ့ပီအေနဲ့
ခင်တယ်ဆိုတာကိုပြောတာဆိုယင်…။
မင်းရဲ့ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ရဲ့ဘေးမှာ
"ရာသက်ပန်ဖျက်သိမ်း" ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။

3 comments:
ကိုမင်းလူရဲ့ငယ်မူလက်ရာလေးပေါ့နော်
ယခုဖြစ်ပျက်နေတာတွေနဲ့
တကယ့်ကိုတစ်ထပ်တည်းပဲနော်
အရမ်းကောင်းတယ်
ရှာဖွေတင်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်
nice poem !!!
နှစ်ချို့ကဗျာဆိုပေမယ့် ဒီခေတ်နဲ့ ကွက်တိပဲနော်... ဆုဝေကြိုက်တဲ့ ဦးမင်းလူရဲ့ ကဗျာတွေကို တင်ပေးလို့ ကျေးဇူးပါ... နောက်ထပ် နှစ်ချို့ကဗျာတွေကိုလဲ စောင့်မျှော်အားပေးနေပါတယ်...။
Post a Comment