Wednesday, 28 November 2007

စမ်းသပ်နေပါသည် တစ်၊ နှစ်၊သုံး (၅)

`ဂွီ… ဂေါ်´


`မင်္ဂလာပါရှင်… LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့်ဌာနမှ အသံလွှင့်ဖို့ အချိန်ကျရောက်လို့ လာပြန်ပါပြီ။ အခု တင်ဆက်ပေးမဲ့ အစီအစဉ်လေးကတော့ ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် ဆိုတဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်များကို ဟီးဟီးဟားဟားသို့ အလှည့်ကျ ဖိတ်ကြားသွားမှာပါ။ နားသောတဆင်သူများထဲမှ ၀ါသနာပါသူများက ဟီးဟီးဟားဟားထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ပြည်သူချစ်တဲ့ အနုပညာရှင်များနဲ့ တိုက်ရိုက်စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ် ပရိသတ်နဲ့ တိုက်ရိုက်စကားပြောဖို့ အလှည့်ကျတာကတော့ တက်သစ်စ မင်းသမီးလေး နန်းပုဘ၀င်အိုး ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို တင်ဆက်သူ အဖြစ် ကျမ မသိပ်သိပ်ချစ်က ဆောင်ရွက်မှာဖြစ်ပါတယ်။ တိုက်ရိုက်အသံလွှင့်မှာ ဖြစ်တဲ့ အတွက် စကားပြောရာမှာ အထူးသတိထားရမှာ ဖြစ်ပြီး ၃ မိနစ်ပြည့်လို့မှ လေကြောမပြတ်သေးရင် ကျမ သိပ်သိပ်ချစ်က ဖုန်းလိုင်းကို ဖြတ်ပစ်လိုက်မှာ ဖြစ်ပါတယ်ရှင်… မင်္ဂလာပါ ညီမငယ် နန်းပုဘ၀င်အိုး ရေ´


`ဟုတ်ကဲ့ မင်္ဂလာပါ မမ ရေ´



` ညီမ အဆင်သင့် ဖြစ်ပြီဆို ဖုန်းစ လက်ခံလိုက်ရအောင်နော် ´


` ဟုတ် မမ ´


`မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… မ မမ မမမ သိပ် သိပ်သိပ် သိပ်သိပ်ချစ်ရေ ဖုန်းလာနေပါတယ်ဆို´


` ညီမငယ် နန်းပု ရေ… ဖုန်းကိုင်လိုက်လေကွယ်။ အဲ့ဒါ မမဖုန်းရဲ့ own tune ဖုန်းမြည်သံ ကွယ့် ´


` အော် ဟုတ်ဟုတ်… ဟဲ့..လို ´


` ဟို.. လေ.. မနန်းပုဘ၀င်အိုး လားဟင် ´


` အော် ဟုတ်ပါတယ် နန်းပု ပြောနေပါတယ်နော်။ ပြောပါ ´


` ကျနော်က ဟိုဥစ္စာလေ… ´


` ရှင် ဘယ်ဥစ္စာလဲ ´


` ကျနော်က ပထမဆုံး မဟုတ်လားဟင်… ၀မ်းသာလိုက်တာဗျာ… ခုလို ဖုန်းဆက်လို့ ရဘို့ ကျနော် အတော့် ကို ကြိုးစားလိုက်ရတာ ´


` ဟုတ်ကဲ့… နန်းပုလည်း အရမ်းဝမ်းသာပါတယ်… နန်းပုနဲ့ ပြောချင်လွန်းလို့ အရမ်း ကြိုးစားခဲ့ရတာပေါ့ ဟုတ်လား.. ဘာပြောချင်လဲ ပြောလေ ´


` အမရဲ့ ဟို ဥစ္စာလေ… ကျနော့ ကို ပို့ပေးပါလား… ဓါတ်ပုံလေ ´


` အော်… ရပါတယ်.. ပို့ပေးရမှာပေါ့… တောင်းထားတဲ့ လူတွေက အရမ်းများတော့ မှတ်ထားရမှာမို့ လိပ်စာလေး ပြောဦးလေ ´


` ကျနော့ ဟိုဥစ္စာက.. ဟိုလေ… အမှတ် (၀၀၁)၊ ဟိုလမ်း၊ ဒီရပ်ကွက်၊ ဟိုဒီမြို့နယ်ပါ ခင်ဗျာ ´


` မှတ်ထားလိုက်ပြီနော်… ပို့ပေးလိုက်မယ် စိတ်ချ ´


` ကျနော်.. ဟိုဟာလေ…. ´


` ဂလောက် ´


` သုံးမိနစ်ပြည့်နေပြီမို့ အမ ဖုန်းလိုင်းဖြတ်ပစ်လိုက်တာပါ ညီမငယ်ရေ ´


` အော် အဟင်း ဟုတ်ကဲ့ ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` ကျနော်က နံပါတ် ဘယ်လောက်လဲဟင် ´


` အဟင်း နံပါတ် ၁၄၆ ယောက်မြောက်ပါ အဟိ ´


` ဗျာ အဲ့ဒီ့လောက်တောင် ကြာပြီလား ဖုန်းထိုင်ပြောနေတာ ´


` အော်… အဟင်း ဆောဒီးနော်… နန်းပုကို ချစ်ခွင့်တောင်းထားတဲ့ လူ ဘယ်နှစ်ယောက်ရှိပြီလဲ မေးတာနဲ့ မှားချင်ယောင်ဆောင်ပြီး ကြွားလိုက်တာ… အရမ်းများ သိသာသွားလား မသိဘူး အဟင်း ´


` ဟာ နန်းပုက အရမ်း လူချစ်လူခင်ပေါတာပဲဗျာ… ´


` အင်း ဟုတ်တယ်… အဲသလိုပဲ ပြောကြတာပါပဲ ´


` ဒါနဲ့လေ ဟိုတခါ စိန်ထောပတ်ပို့လိုက်တဲ့ သူနဲ့ရော အပြင်မှာ တွေ့ပြီးပြီလား ခင်ဗျ ´


` အို… ဘာတွေလာပြောနေတာလဲလို့… ဒီက ခေးပဲ ရှိသေးတာကို.. မေမေသိရင်တော့ ဆူတော့မှာပဲ… ဒါတွေ မစဉ်းစားသေးပါဘူးဆို ဒါပဲ လာလာမေးနေ.. ဟွန့် နောက်တခေါက်လောက်.. အဲလေ ´


` ဂလောက် ´


` ညီမ မေမေကြားရင် အစီအစဉ်တင်ဆက်တဲ့ မမသိပ်သိပ်ချစ်ကိုပါ ရောပြီးဆူမှာ ကြောက်လို့ ဖုန်းလိုင်းဖြတ်လိုက်ရပါတယ်နော် ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` နန်းပု အခုဘာလုပ်နေလဲဟင် ´


` နန်းပုလား… ဖုန်းပြောရင်း ခေါင်းယားလို့ လက်တဖက်နဲ့ ကုတ်နေတယ်ရှင့် ´


` အဲဒါပြောတာ မဟုတ်ဘူးလေ… ကျနော်ပြောတာက အနုပညာရေးရာ ခင်ဗျ ´


` အော်… နန်းပု အခု ဗွီဒီယိုဇာတ်ကား တကား ရိုက်နေတယ်လေ… မင်းသားက ကိုထွန်းထွန်း( ဥမပါ ) … အာ… မဟုတ်ပါဘူး… သူ့ကို နောက်နေကျမို့ အကျင့်ပါသွားလို့… ကိုထွန်းထွန်း( ဥပမာ ) ကိုပြောတာ… ဇာတ်လမ်းလေးကတော့ ရိုးရိုး ဟဲဗီး ဖန်စီလေးပါပဲ ´


` အော် ဟုတ်.. ဒါပဲနော်.. နောက်မှာ ဖုန်းဆက်မယ့် သူတွေ စောင့်နေ…. ´


` ရပါတယ်… သုံးမိနစ်မှ မပြည့်သေးတာပဲ.. ဟာပဲ ´


` မဟုတ်ဘူးလေ… ကျနော့် နောက်က ဖုန်းဆက်ဖို့ တန်းစီနေတဲ့ သူတွေ အားနာလို့ ခင်ဗျ… ဒါပဲနော် ´


` ဂလောက် ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` နန်းပုလေးလားဟင်… ၀မ်းသာလိုက်တာ.. အန်တီကလေ နန်းပုကို အရမ်းကြိုက်တာ…. နန်းပု ဘာလေး ၀တ်ဝတ် လှတယ် သိလား… သရုပ်ဆောင်တာကလည်း အရမ်း ကောင်းတာပဲ… သီချင်းဆိုတာကလည်း ပြောမနေပါနဲ့တော့… ပညာရေးလည်းတော်လိုက်တာ… အိမ်မှာလည်း အရမ်း လိမ္မာတယ်ဆို… အမေ့ စကားလည်း အရမ်းနားထောင်တဲ့ သမီး လိမ္မာလေး ဆို ´


` ဟယ်.. နန်းပု အကြောင်းကို အရမ်း သိတာပဲနော် ´


` အော် သိတာပေါ့လို့.. ဒါနဲ့ သူများတွေကလေ နန်းပုကို ကြွားတယ် ကြွားတယ်နဲ့ ပြောတာ တကယ်တော့ ကိုယ်တွေက အဲလေ နန်းပုတို့က ကြွားနိုင်တဲ့ အခြေအနေမို့လို့လဲ ကြွားတာပေါ့… ဟုတ်တယ်မှတ်လား… အဲဒါ ကိုယ့်လို အဲလေ နန်းပုလို မကြွားနိုင်တဲ့ သူတွေ သက်သက်မဲ့ မနာလို ဖြစ်လို့ ပြောနေတာ သိလား ´


` ဟုတ် နန်းပု မေမေလည်း အဲ့လိုပဲ ပြောတယ် ´


` ဒါနဲ့ နန်းပု အမေကလည်း အရမ်းချောဆို… အပြင်က မြင်ဘူးတဲ့ သူတွေ ပြန်ပြောကြတာ ကြားဖူးတယ်.. တကယ်တော့ နန်းပုလေး အဲ့ဒီ့လောက်လှနေတာ မအေတူ သမီးလေးထင်တယ်နော် ´


` ဟုတ်… ဒါနဲ့လေ နာမည်လေးပြောပြပါဦး… နန်းပု ဒီအသံမျိုး ကြားဖူးသလားလို့ ´


` အော်… ဒါလားကွယ် အဟွန်းဟွန်း ´


` ဂလောက် ´


` တခု ကြိုပြောထားဖို့ မေ့သွားလို့ ဖုန်းလိုင်းဖြတ်လိုက်ရတာပါ… ညီမငယ်ရေ ဒီအစီအစဉ်ကလေ ကုန်ပစ္စည်းတွေမှာ ကံစမ်းမဲဖောက်တာလေးနဲ့ စည်းကမ်းချင်းသွားတိုက်ဆိုင်နေတယ်… ကံစမ်းမဲဖောက်တဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ ဆွေမျိုးသားချင်းတွေကို ပါဝင်ခွင့်မပြုဆိုတာမျိုးလေးလေ… ဒါကြောင့် ဖုန်းလိုင်း ဖြတ်ပစ်လိုက်တာပါကွယ်.. ကျေးဇူးတင်ပါတယ် ညီမငယ်ရေ… ခုတော့ ပရိသတ်ကြီးဆီက ဖုန်းလက်ခံတဲ့ အစီအစဉ်ပြီးပြီမို့ ညီမလေး စိတ်ကြိုက် ပရိသတ်ကို နှုတ်ဆက်ပါဦးကွယ် ´


` ဟုတ်… နန်းပု အခုလို ပရိသတ်ကြီးနဲ့ တိုက်ရိုက်ပြောဆိုဖြေကြားပေးရတာ အရမ်းကို ၀မ်းသာပါတယ်… နန်းပုကို အရမ်းချစ်ကြတာ သိရလို့အရမ်းလည်း ကျေနပ်ပါတယ်နော်… နန်းပုဆီကို အမည်မဖော်ပဲနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့နေတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်… အထူးသဖြင့် အထက်တန်းကျောင်းတုန်းက ` ကလေးရယ် ´ သီချင်းနဲ့ တမျိုး၊ တက္ကသိုလ်တက်တော့ ` မ ´ သီချင်းနဲ့ တဖုံ၊ ` ကိုယ် မနေနိုင်ဘူးကွယ် ဖွင့်ပြောလိုက်တော့မယ်.. တော်ကြာ သူစိတ်ဆိုးမှာလည်း ဆိုး ´ ဆိုပြီး တည့်တည့်ပြောကြတဲ့ သက်တူ သူငယ်ချင်း အားလုံး အားလုံး.. နန်းပုကို ခုလို ချစ်ပေးကြလို့ ကျေးဇူးအထူးတင်ပါတယ် လို့… နောက် ဂျပန် အလည်သွားတုန်းက မွန်ဂိုးလီးယား ရေသန့်မင်းသမီးလေးနဲ့ တူတယ်ဆိုပြီး ၀ိုင်းကြည့်ကြသူ အားလုံးလည်း ကျေးဇူးမမေ့ပါဘူးနော် ´


` ခုလို ဟီးဟီးဟားဟားနဲ့ ပူးပေါင်းပြီး ဒီတပတ် ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် အစီအစဉ်လေးမှာ ၀ိုင်းဝန်းကူညီပေးတဲ့ ညီမ နန်းပုရေ ကျေးဇူးပါကွယ်… နောက်တပတ်မှာလည်း ၀ိုင်းရွှီး ၀ိုင်းဖော ဖို့ ဘယ်သူ့ကို ဖိတ်ခေါ်ပေးမလဲ ဆိုတာကို ကြားဖြတ် ကြေငြာမေးသွားမှာ ဖြစ်ပါတယ်ရှင်… ဒီအစီအစဉ်လေး တင်ဆက်ချိန်မှာ ဖုန်းဆက်ပြီး ၀င်ရွှီးချင်တယ်ဆိုရင်ဖြင့် ဖုန်းနံပါတ် 09-909-0420 ကို ဆက်သွယ်နိုင်ပါတယ်ရှင်… စီစဉ်သူကတော့ ကျမ မသိပ်သိပ်ချစ်ပါ.. ဟီးဟီးဟားဟားကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင် ´


` ဂွီ… ဂေါ် ´

Monday, 26 November 2007

အစားအသောက် မီးလိုတောက်


ဒါက ညီမလေး ၀င်္ကပါ tag ထားတဲ့ အကြောင်းအရာလေးပါ။ သူ စ tagတုန်းက လွမ်းတဲ့ အစားအစာများတဲ့။ ကျမက နိုင်ငံရပ်ခြားမှာလည်း မဟုတ်၊ ဒီမှာတင်ဆိုတော့ ကြိုက်တာဝယ်စားလို့ ရနေတော့ ဘယ်အစားအစာကို လွမ်းရမှန်းမသိလို့ အကြောင်းအရာလေး ပြောင်းရေးလိုက်ပါတယ်နော်။ ကျမ ကြိုက်နှစ်သက်တဲ့ အစားအစာတွေအကြောင်းပဲ ပြောပြတော့မယ်။


ရခိုင်မုန့်တီ - ဘယ်လောက်ကြိုက်လဲ ဆိုရင် နေ့တိုင်းသောက်ရလည်း မရိုးနိုင်ပါဘူး။ ဒါပေမဲ့ ဟိုတလောတုန်းက နေမကောင်းဖြစ်လို့ အစပ်တွေ မစားရတဲ့ အချိန်တုန်းက ရှောင်လိုက်ရလို့ တပါတ်လောက် မစားဖြစ်လိုက်ဘူး။ အတော် လွမ်းခဲ့ရတဲ့ ကျမ အကြိုက် အစားအစာ တခုပါ။ စားမိပြီဆိုရင်လည်း ငရုတ်သီးတွေ အလွန်အကျွံထည့်စားရမှကို ကျေနပ်ပါတယ်။


ပဲကြာဇံသုပ် - သူက ရိုးရိုးအသုပ်လို မဟုတ်ဘူးနော်။ ရခိုင်သုတ်။ ဆီချက်တွေ ပဲမုန့်တွေ မပါပဲ ငရုတ်သီးအရည်နဲ့ ငါးဖတ်တွေကို ရောသုတ်ထားတာလေ။ စပ်သလားတော့ မမေးနဲ့။ အလွန့် အလွန်စပ်။ သူ့လည်း လွမ်းတာပဲ။ နေမကောင်းတော့ မစားရလို့။


ကြေးအိုး - သူများတွေ ကြေးအိုးဆီချက် ပိုကြိုက်ပေမဲ့ ကျမကတော့ ကြေးအိုးပဲကြိုက်တယ်။ ကြေးအိုးဆိုရင် ကလီစာတွေထည့်တာ မကြိုက်ဘူး။ အသားသက်သက်နဲ့ အရွက်များများထည့်ထားတာကို ကြိုက်တယ်။ ကျမ ကြေးအိုးတစ်ပွဲ စားရင် အမြဲတမ်း အသားဖတ်တွေ အများကြီးကျန်တတ်တယ်။ ကြေးအိုးကို ကြာဇံနဲ့ အရွက် ပိုအားထားပြီး စားလေ့ရှိပါတယ်။ ကျမ သူငယ်ချင်းတွေနဲ့ သွားစားရင် သူတို့က ကျမဆီက အသားတွေ အမြဲ ပိုစားရတယ်။ ခုဆို တုန်ယမ်းကြေးအိုး ပေါ်လာတော့ ပိုတောင် ကြိုက်သေး။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အအီလည်း ပြေလို့လေ။ ကြေးအိုး စားပြီးတဲ့ည ဆိုလို့ကတော့ ရေအိုးဖက်ထားရပြီလေ။ တခါတုန်းကဆို အိပ်နေရင်းနဲ့တောင် လန့်နိုးတယ်။ ရင်တွေပူပြီး ရေတွေငတ်လို့ ထသောက်ရတယ်။ အော်… ကြေးအိုးကောင်းမှု။


မုန့်ဟင်းခါး - မနက်ပိုင်း breakfast စားမယ်ဆို မုန့်ဟင်းခါးပဲ စားချင်တယ်။ ဟိုတခါ သူငယ်ချင်းတွေနဲ့ မန္တလေးသွားလည်တုန်းကပေါ့။ ကျမတို့ တည်းတဲ့ ဟိုတယ်လ်က breakfast ကို buffet ကျွေးပါတယ်။ ဒီလောက် စားစရာတွေ များပြီး ထူးထူးဆန်းဆန်းတွေ အများကြီးထဲကမှ ကျမက မုန့်ဟင်းခါးကို ရွေးစားလို့ သူငယ်ချင်းတွေ ကတောင် ၀ိုင်းရယ်ကြတယ်။ နောက်နေ့ကျ သူတို့ buffet menu ထဲမှာ မုန့်ဟင်းခါး မပါတော့ အဲဒါမှ မစားရရင် မဖြစ်ပါဘူးဆိုလို့ မြို့ထဲပတ်ပြီး မုန့်ဟင်းခါး ရှာပုံတော်ဖွင့်ရတယ်။ အချိန်ကလည်း နည်းနည်း နောက်ကျနေပြီ ဆိုတော့ ရှာလိုက်ရတာ။ တွေ့တော့တွေ့ပါရဲ့။ မကောင်းလိုက်တဲ့ အရသာ။ ပဲတွေများပြီး ဘယ်လိုမှကို မုန့်ဟင်းခါး အရသာ မပေါက်ဘူး။ ချိုတိုတိုကြီးနဲ့ မသိရင် အုန်းနို့ခေါက်ဆွဲကျနေတာပဲ။


ကော်ဖီ - ဒါကတော့ ကျမ အတွက် မရှိမဖြစ်ပေါ့။ မနက်ဖက်ဆိုရင် ကော်ဖီတခွက်သောက်ရရင် လုံလောက်တယ်။ အရမ်းလည်း ကြိုက်တယ်။


ဒီလောက်ပဲနော်။ ရေးရင်းနဲ့ ဗိုက်ဆာလာလို့ ထမင်းသွားစားလိုက်ဦးမယ်။ :)

Sunday, 25 November 2007

မဖတ်ဖြစ်မှာ သေချာတဲ့ ချစ်သူအတွက်ရေးတဲ့စာ


အော်… မင်းလိုချင်နေခဲ့တာ ဒါတွေလား။ ငါမရိပ်မိခဲ့ဘူး ချစ်သူ။ ပေးနိုင်လိမ့်မယ်လို့လည်း မထင်ဘူး။ မင်းအတွက် အမုန်းဆိုတာ ငါ့ဆီမှာ မရှိသလောက် ရှားတယ်။ နာကျည်းမိရင် ငါခံစားနေရတာတွေ သက်သာမလားတွေးမိပေမဲ့ ဒါဟာ ငါလိုချင်ခဲ့တဲ့ အဖြေတော့ မဟုတ်တာ သေချာတယ်။ ဒါကိုမှ မင်းက တရှိုက်မက်မက် လိုချင်တယ်ဆိုတော့လည်း ငါရင်ကွဲခံရုံပေါ့ ချစ်သူ။ ကျေနပ်ပါ။ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့။


မင်းနဲ့ငါရဲ့ အကြီးမားဆုံး ကွာခြားချက်… ငါခုမှ နားလည်တယ်။ မင်းမလိုချင်တာ ငါ့အချစ်။ ငါမလိုက်လျောနိုင်ခဲ့ဘူး။ ခွင့်လွှတ်တော့ ချစ်သူ။ ပါးပြင်မှာ မျက်ရည်စီးမှ ငိုတယ်လို့တော့ မထင်နဲ့။ ငါ့ရင်တွေ ကွဲကြေလို့ ကျလာတဲ့ သွေးစက်… ။ မင်း ခြေဖ၀ါးအောက်ထိ စီးစေရမယ်။ မကြည့်ချင်ရင် မျက်နှာကြိုလွှဲထား ချစ်သူ။


တကယ်တော့လေ အိပ်မက်တွေနဲ့ ဘ၀ရှေ့ဆက်နေတဲ့သူဟာ အရှုံးသမားပဲ။ မင်းလို မျှော်လင့်ချက်တွေ ပြည့်နေတဲ့ လူတယောက်အဖို့ ငါလိုလူရဲ့ အချစ်ကို ဥပက္ခာပြု နင်းလျှောက်သွားဖို့ဆိုတာ အလွယ်သားနော်။ ငါ့အိပ်မက်တွေကျတော့ လှောင်ပြောင်ရီမောစရာ အဖြစ်နဲ့ အလေးအနက်မထားပဲ မင်းရိုက်ချရက်တယ်။ ဒါပေမဲ့ အဲ့ဒီ့ အိပ်မက်တွေမှာ ငါ့ မျှော်လင့်ချက်တွေ ကပ်ပါသွားတာ မင်း မရိပ်မိတာလား။ ဟန်ဆောင်နေခဲ့တာလား။


တောင်းပန်တယ် ချစ်သူ။ နောက်ဆုံးအချိန်အထိ မင်းလိုချင်တာ ငါမလိုက်လျောပေးနိုင်သေးဘူး။ မင်းစိတ်ချမ်းသာမယ်ဆိုရင်တော့ ငါ မင်းကို နာကျည်းချင်ယောင်ဆောင်ပေးမယ်။ ကျေနပ်တော့ ချစ်သူ။

Tuesday, 20 November 2007

ဘယ်သူက ဘာကောင်လဲ


ကျမညီမလေး မေပျို tag ထားတာလေးပါ။ အပျင်းကြီးနေတာနဲ့ စာလည်းမရေးဖြစ်ပါဘူး။ ညီမလေး tag တော့မှပဲ ပြန်ရေးဖြစ်တော့တယ်။ ငါဘာကောင်လဲတဲ့။ tag တတ်လိုက်ကျတာနော်။ ဒီတော့လည်း ပြောရချည်သေးရဲ့။ ဖတ်ပြီး ထမင်းစားချင်စိတ် ပျက်က တာဝန်မယူပါ။

ရုပ်ရည်သွင်ပြင်လေးက အရင် စပြောရအောင်နော်။


မျက်လုံး - အရမ်းလှတယ်လို့တော့ မျက်မှန် အနက်ကြီးတပ်ထားရင် ပြောကြတာပဲ။ ဒါပေမဲ့ မျက်လုံး တစ်ဖက်စီက သူငယ်အိမ် နှစ်ခုက တယောက်နဲ့ တယောက် ရန်ဖြစ်ထားတော့လေ တယောက်က အပေါ်ကြည့်ရင် နောက် တယောက်က ဘေးကိုကြည့်တယ်။ အချင်းချင်း အရွဲ့တိုက်ကြတာလေ။ သူတို့လုပ်တာနဲ့ ကျမမှာ မျက်စိစောင်းနေတယ် ဆိုပြီး အပြောခံရပါလေရော။ ခက်တယ်နော်။


မျက်ခုံး - အများနဲ့ မတူ အလှဘွဲ့ယူမှာနော်။ အထင်တော့ မသေးနဲ့။ လှချင်လွန်းလို့ လက်စွမ်းပြမိပါတယ်။ လက် အရှိန်လွန် သွားလို့ တပိုင်းပြတ်နေတဲ့ မျက်ခုံးမွှေး စတိုင်လ်လေးက တမျိုးတော့ အထူးသား။ ကြိုက်ပြီး လိုက်လုပ်တော့မယ် မဟုတ်လား။ သိနေတယ်လေ။ အဟတ်ဟတ်…


နှာခေါင်း - သူလည်း သူ့ဟာသူတော့ လှတာပဲ။ ကျမ ဘေးတိုက် ရိုက်ထားတဲ့ ဓါတ်ပုံကို ကြည့်ပြီး သူလေး ကတောင် ပြောသေးတယ်။ ခြေတံလေးကို စင်းနေတာပဲတဲ့။ မယုံမရှိနဲ့နော်။ နှာခေါင်းဆိုတာ မျက်စိနှစ်လုံးခြားမှာ။ ဟီးဟီး။


ပါး - ၀က်ခြံတွေ အပြွတ်လိုက် ထွက်နေတာနဲ့ အဆီတွေပြန် တတ်တာက လွဲလို့ အတော် စွဲဆောင်မှုရှိတဲ့ ပါးလေးပါ။ တခါတလေ လက်နဲ့ ဆိတ်မိဆွမိလို့ ရောင်ကိုင်းနေတဲ့ အချိန်လေးက လွဲပြီး အခြား အချိန်ဆို လူတိုင်း နှစ်ခါပြန် လှည့်ကြည့်ခံရလောက်အောင် လှတာ။ အဟုတ်။


နှုတ်ခမ်း - အဆိပ်သင့်တဲ့ နှုတ်ခမ်းလို့ သူများတွေက ချစ်စနိုးလေး ခေါ်ကြတယ်။ ဘာလို့လဲ သိလား။ နှုတ်ခမ်းနီ အကုန်ခံပြီး ဆိုးနေစရာကို မလိုဘူး။ နဂို အော်ရီဂျင်နယ်ကိုက ညိုပုပ်ပုပ် အရောင်လေး။ ကဲ ဘယ်လောက် ကဗျာ ဆန်လိုက်လဲနော်။


သွား - ငယ်ငယ်ထဲက သွားပိုးတွေ စားပြီး နှုတ်ထားရလို့ မဆိုသလောက်လေး နည်းနည်းတော့ ကျဲတယ်။ သွားပိုးစားနေတာတွေသာ အကုန်နှုတ်ရရင် ဖွားဖွားကြီးရုပ်ပေါက်သွားမှာ စိုးလို့ ရှေ့သွားလေးတွေကို ပိုးစားနေတဲ့ အတိုင်း နယ်ထရယ်လေးပဲ ထားလိုက်တော့တယ်။ သိတယ်မဟုတ်လား။ နယ်ထရယ် ဘူးသီး ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ။


ဆံပင် - အတွေးနည်းနည်းလွန်ပြီး အရွယ်မတိုင်ခင် ဖြူကုန်တာနဲ့ ခုခေတ် ဟိုက်လိုက်လုပ်တာနဲ့ သွားတိုက်ဆိုင်နေတော့ ဂွင်ပေါ့။ မသိရင် ဟိုက်လိုက်လေးတွေပဲ ဖောက်ထားသလိုလို ဘာလိုလိုနဲ့ ချောလဲ ရောထိုင်ပေါ့။ ဘယ်သူမှ ပြောရဘူးနော်။ ဒီက ခင်လို့ ပြောပြတာ။ လျှို့ဝှက်ချက်တွေကို ဘယ်သူမှ သိတာ မဟုတ်ဘူး။ ရှူးတိုးတိုး။


ဘော်ဒီရှိပ် - ရေးရမှာ ပျင်းတယ်ကွာ။ ကိုယ့်ဖာသာကိုယ်သာ တွေးကြည့်လိုက်တော့။ ဂျနီဖာ အင်နက်စတန် ( Jennifer Aniston ) လိုမျိုးလေးလို့ တွေးလည်း စိတ်မဆိုးဘူးနော်။ တကယ်… ဒီက အရမ်း သဘောထားကြီးတာ။ တွေးကြည့်တာနဲ့တင် သိတယ်မဟုတ်လား။


ကဲ ရုပ်ရည်သွင်ပြင်ကတော့ ဒီလောက်ပါပဲကွယ်။ ခုဆိုရင် ကျမ Helena ဘယ်လို အလှအပတွေ ပိုင်ဆိုင်တယ်ဆိုတာ အားလုံးပဲ သဘောပေါက်လောက်ရောပေါ့။ ထမင်းစား ပျက်သွားမယ်ဆို တာဝန်မယူဘူးနော်။ ဒီက အစကတည်းက ကြိုပြောပြီးသား။ စိတ်နေစိတ်ထားလေး ဆက်လိုက်ကြဦးစို့။


သောကြာသမီးဆိုပေမဲ့ ကိုယ်နဲ့ စကားပြောရတာ သိပ်ကီးမကိုက်တဲ့ သူနဲ့ဆိုရင် တခွန်းက နှစ်ခွန်းပြောရမှာတောင် စိတ်သိပ်မပါဘူး။ အော်.. အဆင်ပြေတဲ့သူနဲ့ ဆိုရင်လား။ ပြောမနေပါနဲ့တော့… အသားကုန် လွှတ်တာ။ သူအားတာ မအားတာ နားမလည်ဘူး။ ကိုယ်ပြောချင်တာ ပြောရဖို့က အဓိက။ အဲလို အလိုက်ကန်းဆိုးသိတာနော်။


မေ့တတ်တာကလည်း တရားလွန်ပါပဲ။ အဓိက အနေနဲ့ကတော့ သူများဆီက ပိုက်ဆံချေးပြီးရင် လုံးဝကို မမှတ်မိတော့တာပဲ။ ကိုယ့်ဆီက ချေးတာမျိုးကျတော့ အမေ့ကို မှတ်ခိုင်းထားလိုက်တယ်။ အဲဒါ စိတ်အချရဆုံးပဲလေ။


အရမ်းလည်း ချိုးခြံချွေတာ တတ်သေးတယ်။ ဒါကို မနာလိုသူတွေက ကပ်စီးနည်းတယ်ရယ်လို့ ကဲ့ရဲ့တတ်ကြသေးတယ်။ ဂရုမစိုက်ပါဘူး။ အော် ဟုတ်တယ်။ အဲလို သူများတွေ ကိုယ့်ကိုထင်တဲ့ အထင်တွေကိုလည်း လိုက်ပြီး ဂရုမစိုက်တတ်ပြန်ပါဘူး။


ကိုယ်လုပ်စရာ ရှိတဲ့ ကိစ္စကို နောက်ကနေ ` လုပ်လေ… လုပ်လေ.. ´ နဲ့လိုက်ပြီး တွန်းနေရင် အရွဲ့တိုက်ပြီး ပိုကြာအောင် အချိန်ဆွဲထားပြီးမှ လုပ်တတ်တယ်။


ကျန်တာတွေကတော့ အများကြီးပေါ့။ ဘာမှန်းမသိ ညာမှန်းမသိ ရမ်းသမ်းပြီး အီစီကလီထုတာတွေကို မုန်းတယ်။ ဘာမှ မခက်တဲ့ ခပ်လွယ်လွယ် ကိစ္စလေးတွေကို ဘယ်လိုမှ ရှင်းပြလို့ မရအောင် ဥာဏ်တိန်နေတတ်တဲ့ သူမျိုးဆို စိတ်လေတတ်တယ်။ ဒီလောက်ပဲကွယ်။ တော်ပြီ။ ဒီလောက် ကိုယ်ပေါင်ကိုယ် လှန်ထောင်းပြတာနဲ့တင် ကျေနပ်ကြပါလို့။

Thursday, 15 November 2007

ဒီဇင်ဘာ


မြူနှင်းများကြား

အဝေးဆုံးကို မျှော်ကြည့်ရင်း

မြူနှင်းများကြား

အတိတ်တခု ကျန်ရစ်ပြီ… ။

ဒီဇင်ဘာရေ… ။


လူတွေအားလုံး ပုံမှန်လှုပ်ရှားနေပေမဲ့

ငါ တယောက်ထဲပဲ

အထီးကျန် ငိုကြွေးနေရတယ်… ။


ဟန်ဆောင်နေကြတာလား… ။

သတိမထားမိကြတာလား… ။

ဟို အရင်အတိတ်က ဒီဇင်ဘာ

ခုတော့ တခြားစီပါ… ။


အသက်မဲ့ ခြောက်သွေ့တဲ့ ဒီဇင်ဘာ…

အတိတ်မှာ ကျန်နေရစ်ခဲ့တဲ့ ဒီဇင်ဘာ…

အမျိုးမျိုးခြောက်လှန့်နေတဲ့ ဒီဇင်ဘာ…

မင်းကြောင့် ငါရူးသွားပြီ… ။


ဒီမြို့ပျက်ထဲ

ငါတယောက်ထဲ လမ်းလျှောက်ကာ…

ဒီမြို့ပျက်ထဲက

ငါ့ကို လွတ်မြောက်ခွင့်ပေးပါ…

ဒီဇင်ဘာရေ… ။


အိပ်မက်တွေ ဂယောင်ချောက်ချားနဲ့

ငါသွေးပျက်ခဲ့ဖူးတယ်။

ငါ ဆုတောင်းလည်း ဘာတခုမှ ဖြစ်မလာတော့…

မင်းပြန်မလာမဲ့ အတူတူ

ငါလိုက်လို့လာခဲ့ချင်တယ်… ။


ဒီဇင်ဘာရေ… ။

ငါ ရူးသွပ်မသွားရအောင်

တခါလောက်တော့

ပြန်လည်စိုပြေပေးပါဦး… ။


ဒီ ကဗျာလေးက ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျမ ရေးသားခဲ့ဖူးတဲ့ သီချင်းစာသားကို ကဗျာအနေနဲ့ ဖတ်ကောင်းအောင် နည်းနည်း ပြန်ပြင်ရေးထားတာပါ။

Tuesday, 13 November 2007

ယုံချင်ယုံ မယုံချင်လည်း ယုံ


ကျမကို မလင်း tag ထားတဲ့ စာလေးရေးဖို့ အတော် ကြာနေပြန်ပါပြီ။ ကျမမှာလည်း အရမ်း စိတ်ညစ်စရာ ကိစ္စနဲ့ ကြုံနေရလို့ ဘာမှ မလုပ်ချင် မကိုင်ချင်အောင် ပါပဲ။ ဇာတ်လမ်း ကတော့ စပြန်ပြီနော်။ စာလေး စရေးခါစ ရှိသေးတယ်။

` ဒေါက်… ဒေါက်… ဒေါက် ´

` ဘယ်သူလဲဗျို့´ ကျမ တီးတိုး အော်မေးလိုက်၏။

` အချစ်ပါ ´ သူကလည်း နှစ်ကိုယ်ကြား အသံနဲ့ ပြန်အော်ပြော သရှင့်။

အချစ်လားဟေ့ ၀င်ခဲ့လေကွယ် လို့ ပြန်ပြောလိုက်ရ ကောင်းမလား စဉ်းစားပြီးမှ မဖြစ်ချေပါဘူး ဆိုပြီး

` အင်း အထဲ က ချက်ထိုးထားတာ ဖွင့်ပြီးဝင် ခဲ့လေကွယ် ´

` အဟင်း ´

အောင်မလေး လန့်လိုက်တာ… ဘယ်တုန်းက ဘေးနားရောက်နေမှန်း မသိတဲ့ အချစ်ကြီး။ သူများတွေရော မြင်ဖူး ကြလား မသိပါဘူး။ အဲဒီ့ အချစ်ဆိုတဲ့ အရာကြီး။ သူ့ပုံစံက ခပ်ဆန်းဆန်းရယ်… လေးထောင့် စပ်စပ် ၀ိုင်းဝိုင်း ခပ်ရှည်မျောမျော နဲ့ ပုကွကွ ပိစိညှောင့်တောင့် ဟပ်ပလုတ်ကြီး။ ဘယ်လိုကြီးမှန်းကို မသိတော့ ပါဘူး။ ကျမလည်း ရုတ်တရက် လန့်ဖြန့်သွားပြီး…

` ဘာ အဟင်းလဲ… ရှင်က ဘာကြီးတုန်း ´

` အချစ်လေ… ဒို့က အချစ်ပါ ´

` ယောင်္ကျားလား မိန်းမလား ´ ဟု ကျမ လွှတ်ခနဲ တလုံးချင်း ရေရွတ် လိုက်မိသည်။

` ယောင်္ကျား မိန်းမ ´

အယ်… ဘယ့်နှယ့်တုန်း… အချစ် ပြန်ဖြေတဲ့ စကားကြောင့် ကျမတောင် ကြောင်သွား၏။ ကြောင်သွားတော့ ခြေသံ မကြားရဘူးပေါ့။ ကျမဆီက ဘာအသံမှ ဆက်ထွက်မလာတော့ အချစ်ကပဲ ဆက်ရွှီးလေသည်။

` အော်… မိန်းမ ဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘယ်သူ့မှာမဆို အချစ်ရှိတယ် မဟုတ်လား… ဒါကို ပြောတာပါ ´

` နေပါဦး အချစ်က ကျမဆီလာတာ ဘာကိစ္စရှိလို့လည်း ပြောလေ… ဒီမှာ ကျမ မအားဘူး စာရေးစရာ ရှိသေးတယ် ´ လို့ အလောသုံးဆယ် ဖြည်းဖြည်းချင်း ပြောလိုက်တော့ အချစ်က

` ခက်ပြီ… အချစ်က ဘာ ကိစ္စ ရှိရမှာလဲ… Helena ရဲ့ စိတ်ထဲမှာ နေရတာ ကျဉ်းကျပ်လို့ ခဏလေး အပြင်ကို လေခံညှင်းရင်းနဲ့ လမ်းလျှောက်ထွက်ပြီး ပြန်လာတာလေ… ဒီကောင်မလေးနှယ် ကြောင်တောင်တောင် နိုင်လိုက်တာလွန်ရော… အဟွန့် ´

ခက်တော့နေပြီ… ဘာမှန်းမသိတာကြီးက လာနုနေပြန်ပါ၏။ အော်… ဒီအချစ်ကလည်း ပေါက်ပေါက်ရှာရှာ လမ်းလျှောက်သလား နေတာတဲ့လား… ဒါကြောင့် ခုရက်ပိုင်းအတွင်း စိတ်ထဲမှာ ဟာတာတာ နဲ့ လေးပင် နေတာကိုး။ ကျမအတွေး မဆုံးခင်မှာပဲ…

` ဒါနဲ့လေ အချစ် အခု လမ်းလျှောက်ထွက်ရင်း လမ်းမှာ အမုန်းနဲ့ ခင်လာတယ်… အဲဒါ သူကလဲ ဘယ့်သူ့စိတ်ထဲ နေရမှန်း မသိ ဖြစ်နေတာနဲ့ အချစ် သူ့ကိုပါ တပါတည်း ခေါ်လာခဲ့တယ်… Helena လက်ခံမယ် မဟုတ်လားဟင်… လက်ခံမှာပါ… အချစ်သိတယ်.. အမုန်းရေ အမုန်း လာလေကွယ်… အထဲက ပိတ်ထားတဲ့ ချက်ကို ငါ ဖွင့်သလိုပဲ ဖွင့် ၀င်လာခဲ့ ´ သူ့ စကားဆုံးမှ ကျမ အသိပြန်ဝင် လာတော့သည်။ ဘယ်ဖြစ်မလဲနော်… အမုန်း ကိုပါ လက်ခံ ဖို့ဆိုတာ။

` ဟာ မဖြစ်သေးဘူးလေ… လူသာ လာပါ။ ဧည့်သည် ခေါ်မလာပါနဲ့ ဆိုတာ မကြားဖူးဘူးလား ´ ကျမလည်း ပြီးပြီးရောလျှောက်ပြီး သတိနှင့် ပြောလိုက်၏။

` အဟွန်းဟွန်း မရတော့ဘူးကွယ့် အမုန်းက ဒီဘက်ဘေး ရောက်နှင့်နေပြီလေ ´ ခြောက်ခြားစရာ ဆည်းလည်းသံလို ချိုလွင်လွင်ကြီးနဲ့… ကျမဘေးကို ကြည့်မိတော့ အသံထက် မြန်ပုံရတဲ့ အမုန်းကြီးက ဘေးမှာရပ်လို့… ခုတော့ ကျမရဲ့ နံဘေး တဖက်တချက်စီမှာ အချစ် နဲ့ အမုန်း က အတူ ယှဉ်တွဲ ၀န်းရံလျှက်… ။

` သွား လူဆိုး… ´

ဘာမှ မဆိုင်ပေမဲ့ ကျမ သွေးပျက်စွာ ပြုံးစိစိ မျက်နှာပေးနဲ့ ငြင်းလိုက်သည်။

သို့သော်…. အရာရာ က နောက်ကျခဲ့ပြီ။ ကျမ စကား မဆုံးသေးခင်မှာပဲ ကျမ ခေါင်းပေါ် ကျရောက် လာတဲ့ အေးစက်စက် အထိအတွေ့ကြောင့် နားထင် နှစ်ဖက်စလုံးကို မီးစနဲ့ ထိုးခံလိုက်ရသလို အေးခနဲ ဖြစ်သွားတာသာ မှတ်မိလိုက်တော့သည်။ ယောင်ရမ်းပြီး အတင်းပြူးထားတဲ့ မျက်စိ ပြန်ဖွင့်လိုက်တော့ ဘေးက အချစ်ရော အမုန်းရော ကျမအနားမှာ မရှိကြတော့ပဲ အခန်းထဲမှာ တယောက်ထဲ တိတ်ဆိတ်လို့… ။ အော်… လက်စသတ်တော့ ကျမ အိပ်ပျော်ရင်းနဲ့ စာရေးနေခဲ့တာကိုး… ။

ဒါပေမဲ့ ထူးထူးခြားခြား ရင်ထဲမှာတော့ သိပ်အသားမကျ သလို ဖြစ်နေတဲ့ နာကျင် လေးလံမှုနဲ့ အတူ… ။ တစုံတယောက် အပေါ် ဘယ်တုန်းကမှ မထားခဲ့ဖူးတဲ့ နာကျည်းမှု အရိပ် ခပ်ပါးပါးဟာ သက်ပြင်း တချက် အဖြစ် ကျမရဲ့ ထွက်သက်အရှိုက်မှာ မျောပါသွားကြလေရဲ့။

Monday, 12 November 2007

မီးမီးကြောက်ကြောက်

ကျမရဲ့ ညီမလေး မေပျိုက tag ထားတာပါ။ ခုဆို အကြွေးတွေများနေပြီ။ tag ထားပြီးမရေးရသေးတာတွေ ရှိနေသေးတယ်။ နည်းနည်းကြာရင် စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်ထားမယ်နော်။ ခုတော့ အကြောက်ဆုံး သတ္တ၀ါ အလှည့်ပေါ့။ ကျမအရမ်းကြောက်တာကတော့ ပင့်ကူပါ။ ပင့်ကူကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ တွေ့တွေ့ သေအောင်ကြောက်တယ်။ ကိုယ့်ကို အန္တရာယ်မပြုဘဲ နံရံမှာကပ်နေတဲ့ကောင်ဆိုလည်း ကြောက်တယ်။ သူ့ဟာသူ တနေရာမှာကပ်နေရာက နောက်တနေရာ ပြောင်းဖို့ ကားယားကြီးသွားနေတာ တွေ့မိရင်လည်း ကြောက်တယ်။ ကိုယ့်ခြေထောက်တို့ဘာတို့မှာ နည်းနည်းယားကျိကျိဖြစ်သွားတာနဲ့ စိတ်ထဲပြေးမြင်မိတာ ဒီပင့်ကူပဲ။ အား… ခနဲအော်ပြီးငုံ့ကြည့်လိုက်တော့လည်း ဘာမှမဟုတ်ဘူး။ ဒါဆို ကျမ အမေက ဆူပြန်ရော။ ကျမက စိတ်ထဲတွေးပြီးကြောက်လို့အော်တာ။ အိမ်ကလူတွေကကျတော့ ကျမအသံကိုကြားပြီး လန့်လို့။


အဲဒီ့ကောင်ကို ကြည့်မိရင် စိတ်ထဲဘယ်လိုဖြစ်မှန်းကို မသိဘူး။ အသဲတွေယားပြီး ကြက်သီးတွေထလို့ထနဲ့။ ကိုယ့်ရှေ့သွားကြီးလာဖြဲပြီး မာန်ဖီနေတဲ့ ခွေးဆိုလည်းကြောက်မှာပဲလေ။ ဒါပေမဲ့ ပင့်ကူကိုကျတော့ ဘာမှအပင်ပန်းခံပြီး ဖြဲခြောက်စရာမလိုအောင် ကျမက ကြောက်ပြီးသား။ ဘယ်တုံးက ဘယ်လိုအဲဒီ့လောက် ကြောက်တတ်သွားလဲ မမှတ်မိတော့ပါဘူး။


ဆယ်တန်းတုန်းကဆိုရင် ကျမညသန်းခေါင်ထိစာကျက်ပြီး အပျင်းပြေ မဂ္ဂဇင်းလေးဖတ်မယ်ဆိုပြီး အနားရှိတဲ့ စာအုပ်လေး ကောက်လှန်လိုက်မိပါတယ်။ တိုက်တိုက်ရယ်တဲ့ မှ ဆိုင်ဆိုင် လေ။ ဖွင့်ဖွင့်ချင်း စာမျက်နှာမှာ ပင့်ကူအကြီးကြီးတကောင်က လူတယောက်မျက်နှာမှာ ကပ်နေတဲ့ပုံကြီး။ အားပါးပါး… ။ ဘယ်ရမလဲ ကျမပဲလေ။ `အား….´ ဆိုတဲ့ အသံနက်ကြီးနဲ့ စာအုပ်ကို ပစ်ပေါက်ပလိုက်တာ…။ ကျမစာကျက်တာကို မှေးပြီးစောင့်နေတဲ့ ကျမအမေကို တည့်တည့်မှန်ပါရော။ အမေကလည်း ရုတ်တရက်ဆိုတော့ အရမ်းလန့်ပြီး ဘာဖြစ်တာလဲဆိုပြီး အကြောင်းရင်းရှာတော့ အဲဒီ့ပင့်ကူပုံကြီးကြောင့်မှန်းသိတော့ ဆူခံလိုက်ရတာ။ ညသန်းခေါင်ကြီး ဒီလောက်တောင် ထအော်ရလားလို့ပေါ့။


အရင်က ကျမတို့အိမ်မှာက ပင့်ကူဆိုလို့ သေးသေးမျှင်မျှင်နဲ့ ပိန်ပိန်လေးတွေပဲရှိတာ။ ဒါပေမဲ့ သူများအိမ်တွေကနေ ရောက်လာတာနေမှာပေါ့။ ခုဆို မဲမဲနဲ့ ကားယားကောင်ကြီးတွေ တခါတခါတွေ့ရတတ်တယ်။ ပင့်ကူနဲ့ဖြစ်တဲ့ နောက်ပြဿနာ တခုရှိသေးတယ်။ အဲဒီ့နေ့တုန်းက ကျမအမေက သူ့အင်္ကျီ လှမ်းထားတာ အခန်းထဲယူလာခဲ့ပါတဲ့။ ဒါနဲ့ ချိတ်ကလေးကနေ ဆွဲပြီး ယူလာလိုက်တာ အခန်းထဲလည်းရောက်ရော အမေက ကျမရဲ့လက်ထဲက အင်္ကျီကိုကြည့်ပြီး `ငြိမ်ငြိမ်နေ.. အဲဒီ့နားမှာပဲ ခဏလေး ငြိမ်ငြိမ်နေ´ တဲ့။ ဒီလောက်ဆို ကျမတို့က သဘောပေါက်ပြီးသား။ အမေ့စကားဆုံးတာနဲ့ ဘယ်ရမလဲ သူ့ အင်္ကျီကို လွှတ်ပစ်လိုက်ပြီး အသံပြဲကြီးနဲ့ အော်လည်းအော် ခုန်လည်းခုန်လိုက်တာ။ အနားမှာရှိတဲ့ ခုတင်ပေါ်ကိုရောက်နေပြီ။ ဒါတောင် ခြေထောက်ကို ပင့်ကူတက်လာမှာတွေးပြီး ကဆုန်ပေါက်နေလိုက်တာများ။ အနည်းဆုံး ၃မိနစ်လောက်ကြာမယ်။ ၀ုန်းဒိုင်းကို ကျဲနေတာပဲ။ အမေကလည်း ကျမကြောက်မှန်းသိတော့ ဆေးဗူးနဲ့ လိုက်ဖြန်းပေးရှာပါတယ်။ သေပြီဆိုတာတောင် ကျမက ခပ်ရွံ့ရွံ့နဲ့ အောက်မဆင်းရဲသေးလို့ ဆူခံရသေးတယ်။ တော်တော် ဒုက္ခပေးတဲ့ ပင့်ကူ။ မုန်းစရာကြီး။ ကျမကလည်း ကျမပဲ။ အဲဒီ့ပင့်ကူဆို တွေ့လိုက်တာနဲ့ ရင်တွေတုန်… ချွေးစီးတွေပြန်… အသက်ရှုတွေမမှန်နဲ့။ ဘာဖြစ်မှန်းကိုမသိပါဘူး။


အမေပြောသလိုပဲ `သူက ဘာလုပ်လို့လဲ သူ့ဟာသူ နံရံမှာကပ်နေတာ… နင့် ကိုယ်နင်နဲ့လည်း ယှဉ်ကြည့်ဦး… ဟိုက သေးသေးလေး ကိုယ် တက်နင်းလိုက်ရင်တောင် သူ့ခမျာ သေရရှာမှာ…´ တဲ့။ အောင်မလေး တက်လည်းမနင်းရဲပါဘူး။ တက်နင်းဖို့ နေနေသာသာ စေ့စေ့တောင် မကြည့်ရဲပါဘူး။ အဲဒီ့လောက်ကို ကြောက်ပါတယ်။ ကြောက်တယ် ကြောက်တယ်။ :P

Friday, 9 November 2007

အိတ်ထဲမှာ…


ညီမလေး နှင်းသဇင်က အိတ်ထဲမှာ ဘာရှိလဲ tag ထားတာ ၂ရက်လောက်တောင် ရှိရောပေါ့။ မမအပျင်းထူနေတာနဲ့ နည်းနည်းကြာသွားတာ ဆောဒီးညီမလေးရေ။ ကဲစလိုက်ကြစို့။




- ဖုန်းစာအုပ် ( ကျမရဲ့ ဦးနှောက်က ၆လုံးလောက်ပဲရှိတဲ့ အိမ်ဖုံးတွေကိုတောင် အလွတ်မရတာ… ခု ဂဏန်း၉လုံးပါတဲ့ ဟန်းဖုန်းနံပါတ်တွေ မှတ်မိဖို့ဆိုတာ…. မလွယ်ရေးချ မလွယ်ပါဗျို့)


- ကြည့်မှန်ခပ်ကြီးကြီး ( မျက်နှာအပြည့်မမြင်ရတဲ့ မှန်သေးသေးလေးနဲ့ဆို ကြည့်ရတာအားမရလို့… ဟုတ်တယ်လေ… မှန်ကြည့်ပါတယ်ဆိုမှ မျက်နှာတခုလုံး သေချာမြင်ရမှပေါ့လို့ :P အကျည်းတန် မှန်ကြိုက်လို့ပြောနဲ့နော် ငိုမှာ… )


- ဘီးလှလှလေး ( သံချောင်းလေးတွေနဲ့ ကျန်းမာရေးဘီးလို့ ရောင်းတဲ့ဆိုင်ကပြောတာပဲ… ဟုတ်မဟုတ်တော့ မသိဘူး… Helena ကို ဒီလိုလိမ်ရောင်းရတာ လွယ်တယ်နော့ )


- Camella Baby Cake ( Baby Cake ဆိုလို့ ကလေးစားတဲ့ ကိတ်မုန့်တော့ မထင်လိုက်ပါနဲ့… ပေါင်ပေါင်ရိုက်တဲ့ဟာကိုပြောတာ :P )


- ဘောလ်ပင် ( သူက အဖုံးနေရာမှာ ဓါတ်မီးလေးပါတယ်… အရမ်းအလင်းကြီးမဟုတ်ပေမဲ့ ဘာမှမမြင်ရအောင်မှောင်တဲ့ လှေကားလိုနေရာမျိုးကျတော့ အသုံးတည့်သား… နောက်ပြီး ဘောလ်ပင်ကိုယ်ထည်မှာက ကျမအကြိုက် Emily ကာတွန်းပုံနဲ့ အရိုးခေါင်းပုံလေးတွေပါလို့ ရေးရမှာတောင် နှမြောတယ်… ကုန်သွားမှာစိုးလို့ )


- မျက်မှန် ( နေကာမျက်မှန်ဟုတ်ဘူးနော်… ပါဝါနဲ့ဟာ… ဒါပေမဲ့ အဲဒီ့လောက်ကြီးတော့ မများပါဘူး… ဆရာဝန်ကတက်ခိုင်းလို့သာ တက်ရတာ… နှာခေါင်းမှာ အရာကြီးထင်သွားမှာစိုးလို့ မတက်တာများတယ်… ကွန်ပျူတာသုံးတာများလို့တက်ရပါတယ်ဆိုမှ ခုစာရေးတော့ မေ့ပြီးမတက်ထားမိပြန်ဘူး… သွားယူလိုက်ဦးမယ် )


- Lip Balm ( အရင်ကတော့ Lip Gloss သုံးတာပေါ့… သူက လေတိုက်ရင် ဆံပင်တွေ လာလာကပ်တာနဲ့ ဖယ်ရတာအလုပ်ရှုပ်လို့… ပဲများဖို့ ဆိုးပါတယ်ဆိုမှ သူ့ကိုဖယ်နေရတာက အလုပ်တလုပ်… ခုတော့ Lip Balm နဲ့ အဆင်ပြေသွားပြီ… နှုတ်ခမ်းကွာတာတွေ ဘာတွေလည်း ပျောက်တယ်… ပဲများလို့လဲရတယ်… ကဲ မပိုင်ဘူးလား )


- ရေမွှေး sample ( sample ဆိုလို့ အလကားရတယ် မထင်နဲ့နော်… အိတ်ထဲဆောင်ထားဖို့ တမင်ဝယ်ထားတာ… အိမ်က ဆွတ်လာတဲ့ ရေမွှေးအနံ့ နည်းနည်းပျယ်ပြီလို့ ထင်တာနဲ့ ထုတ်ပြီးသမ တာ… )


- Lotion ဘူးသေးသေးလေး ( လက်ဖ၀ါးတွေ ခြောက်ရင်လိမ်းဖို့ အမြဲ ထည့်ထားတာ… အဲဒါ ကျမရဲ့ အမလက်ဆောင်ပေးထားတာလေ.. သူလည်း sample လိုခပ်သေးသေးပဲ… အိတ်ထဲထည့်ဖို့ ပိုအဆင်ပြေတာပေါ့ )


- ရှောက်သီးဆေးပြား ( ကြုံရင် လျှောက်ရောင်းမလားလို့… ဟဲဟဲ )


- Streptsil ငုံဆေး ( ဒါကတော့ ခုတလောမှ ကျမအိတ်ထဲရောက်လာတာ… လည်ချောင်းအရမ်းနာပြီး ချောင်းဆိုးလို့လေ… သူက vitamin c အပြည့်ပါတယ်တဲ့… အရသာကတော့ ပူရှိန်းချဉ်ချဉ်လေး… )


- တစ်ရှုး နဲ့ လက်ကိုင်ပုဝါ ( လက်ကိုင်ပုဝါရော၊ တစ်ရှုးရော ထည့်ထားလို့ မျက်စိလည်သွားပြီဟုတ်… ဒါကဒီလို ရှိတယ်လေ… ခုတလော နှာစီးနေတော့ တစ်ရှုးနဲ့ဆို တွက်ခြေမကိုက်လို့ လက်ကိုင်ပုဝါပါ ထပ်အားဖြည့်ထားတာ… )


- wallet ( ဒီ အိတ်က တော်တော်တောင် ဟောင်းလို့ ဒေါင့်တွေတောင် ဆုတ်နေပြီ… ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး… အသစ်ဝယ်ရမှာ နှမြောလို့ )


ဒါပဲ… ကုန်ပြီ… ချမ်းသာတာ ဒါအကုန်ပဲ။

Thursday, 8 November 2007

ကွာရှင်းပြတ်စဲခြင်းနှင့် ကလေးများ၏စိတ်ဒဏ်ရာ

မိဘနှစ်ဦး ကွာရှင်းပြတ်စဲခြင်းမှာ သားသမီးတွေရဲ့ စိတ်ခံစားမှုကို အနည်းနဲ့အများ ထိခိုက်စေတတ်ပါတယ်။ မိဘနှစ်ပါး ကွာရှင်းပြတ်စဲဖို့ ပြင်ဆင်နေတဲ့ အချိန်အတောအတွင်းမှာဆိုရင် ကလေးတွေဟာ ဒေါသ၊ ငြင်းပယ်ခံရမှု၊ စွန့်ပစ်ခံရမှု၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း နှင့် လိုအင်မပြည့်ဝခြင်း စတဲ့ ရှုပ်ထွေးတဲ့ ခံစားမှုပေါင်းစုံ မလွဲမသွေ ကြုံတွေ့ကြရပါတယ်။ ယေဘူယျအားဖြင့် အရင်ကလို အိမ်မှာ မိဘနှစ်ပါးအတူရှိခဲ့တဲ့ အချိန်ကို တမ်းတနေတတ်ပြီး လက်ရှိကြုံတွေ့နေရတာတွေကို ဘယ်လိုမှနားလည်ပေးနိုင်စွမ်းမရှိတတ်ကြပါဘူး။ တနည်းအားဖြင့် ကလေးရဲ့မသိစိတ်မှာ ကြောက်ရွံ့စိတ်ဝင်ကာ ပေါင်းသင်းဆက်ဆံရေး၊ အားကစား၊ စာသင်ကျောင်း နဲ့ ကိုယ်ဝါသနာပါရာ နယ်ပယ်တွေမှာ ကျရှုံးဖို့ စတင်လာခြင်းမျိုးလဲ ဖြစ်ပါတယ်။

လူမှုရေးပညာရှင်၊ မိသားစုကျန်းမာရေး အထူးပြု Judith Wallerstein နဲ့ Joan Kelly တို့ရဲ့ ၁၉၇၀ ပြည့်နှစ်အစောပိုင်းမှာစပြီး ကယ်လီဖိုးနီးယားပြည်နယ် Marin County မှ ကလေး အယောက် ၆၀ ကို မေးမြန်းလေ့လာခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ တွေ့ရှိချက်များကို ရေးသားထားတဲ့ ( The Unexpected Legacy of Divorce ; A 25 Year Landmark Study ) စာအုပ်ဟာ အရောင်းရဆုံး စာရင်းဝင်စာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။

မိဘများ ကွာရှင်းပြတ်စဲမှုကြောင့် ကလေးအတော်များများဟာ စိတ်နာကျင်မှုကို ခံစားရပြီး နောက်ဆက်တွဲအနေနဲ့ အပျို၊ လူပျိုဘော်ဝင်ကာစ ကြားကာလမှ အရွယ်ရောက်သည့် တလျှောက်လုံး အဲဒီ့ ဝေဒနာကို မေ့ပစ်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ ဒါကြောင့်ပဲ စိတ်ဓါတ်ကျခြင်း၊ ပြောဆိုဆုံးမရခက်ခြင်း၊ ပညာရေးညံ့ဖျင်းခြင်း၊ ကျရှုံးရမှာကို ကြောက်ရွံ့ခြင်း၊ တာဝန်ဝတ္တရားများကို ကြောက်ရွံ့စိတ်၊ ကိုယ့်မိဘတွေ လျှောက်ခဲ့တဲ့လမ်းမျိုး ပြန်လျှောက်ရမှာထိတ်လန့်ခြင်းကြောင့် တခါတရံ လက်ထပ်ဖို့အပြင် သားသမီးယူဖို့ကိုတောင် တွေဝေကောင်း တွေဝေတတ်ပြန်ပါတယ်။

မိဘနှစ်ပါးနဲ့အတူ ကြီးပြင်းခဲ့တဲ့ ကလေးနဲ့ အိမ်ထောင်ကွဲမိသားစုမှ ကလေး တို့ကို ယှဉ်ကြည့်မယ်ဆိုရင် ကွာရှင်းထားတဲ့ မိသားစုမှ ကလေးဟာ ပိုပြီး စိတ်ခံစားမှုလွယ်တဲ့အပြင် သူ့ရဲ့အပြုအမူနဲ့ဆိုင်တဲ့ ပြဿနာတွေ ပိုထူပြောနေတတ်ပါတယ်။

ဘယ်လိုပဲပြောပြော ကွာရှင်းပြတ်စဲကြပြီဆိုတာနဲ့ ဒါဟာ မိဘနှစ်ပါးသာမက သားသမီးတွေပါ သောကရောက်စရာ ကိစ္စသာဖြစ်ပါတယ်။ မိဘနှစ်ပါးရဲ့ မပြေလည်မှုကြောင့် ကြားထဲက ကလေးတွေက မြေစာပင်သဘောအဖြစ် စိတ်ထိခိုက်ရမှာ သေချာလွန်းလှပါတယ်။ ကလေးတွေရဲ့ စိတ်နာကျင်မှုဟာ အမှန်တကယ်ထိရှခံစားနေရတာဖြစ်ပြီး သူတို့ကို ကရုဏာသက်စွာ ကူညီဖေးမသင့်ပါတယ်။

ဒါဟာ Wallerstein ရဲ့ ၁၅ နှစ်တာ ကာလအတွင်း လေ့လာပြီးရရှိခဲ့တဲ့ ရလာဒ်ပါ။ ဒါပေမဲ့ စိတ်ပညာရှင် ပရော်ဖက်ဆာ Mavis Hetherington ကကျတော့ ခုလိုပြန်ချေပပြန်ပါရော။

အိမ်ထောင်ကွဲမိသားစုက ကလေး ၇၅% မှ ၈၀% ထိဟာ စိတ်နာကျင်မှု အနည်းငယ်ကျန်ရှိနိုင်သေးသော်လည်း အရာရာကို ကောင်းမွန်ပြည့်စုံစွာ ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်။ မိသားစုပေါင်း ၁၄၀၀ မှ ကလေးအယောက် ၂၅၀၀ ကို အခြေခံပြီး ရရှိတဲ့ စစ်တမ်းအရ - မိဘများ၏ ကွာရှင်းပြတ်စဲမှုအပြီး နောက် ၂နှစ်အတွင်းမှာ ကလေးအများစုရဲ့ လုပ်ရည်ကိုင်ရည်ဟာ သဘာဝကျကျ ပြန်လည်ကောင်းမွန်စပြုနေပါပြီ။

အချို့အမျိုးသမီးတွေနဲ့ မိန်းကလေးများဟာ ပျော်ရွှင်မှုမရှိတော့တဲ့ မိသားစုဘ၀မှာထက် ကွာရှင်းပြတ်စဲပြီးနောက်မှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည် ပိုပြီးတိုးတက်လာတတ်ကြပြန်ပါတယ်။

ကွာရှင်းပြတ်စဲထားတဲ့ မိဘ ၇၀% ကျပြန်တော့ ကွာရှင်းမှုမပြုခင်ကထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါတယ်… တဲ့ရှင်။

Hetherington ကတော့ သူမဟာ လူတွေကို Wallerstein ထက်ပိုပြီး အကောင်းမြင်တဲ့ အကြည့်နဲ့ မြင်ပြီးရေးသားထားတာပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်းပြတ်စဲကြခြင်းဆိုတာ နာကျင်မှုတွေ ပြည့်နေတဲ့ ဘ၀အတွေ့အကြုံတခုပါပဲ။ သားသမီး၊ အဖေ၊ အမေ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ အပြစ်မဲ့တဲ့ ကွာရှင်းပြတ်စဲခြင်းဆိုတာမျိုး ရှိလည်းမရှိပါဘူး။ ဒါပေမဲ့ ၇၅% ကနေ ၈၀% ထိဟာတော့ စိတ်ဒဏ်ရာရခြင်းမှ ပြန်လည်ကောင်းမွန်နိုင်ပါတယ် လို့ဆိုပါတယ်။

Hetherington ရဲ့စစ်တမ်းက ထောင်ကျော်တဲ့ ကလေးတွေကို အခြေခံပြီး Wallerstein ကျပြန်တော့ ကလေး အယောက်၆၀ ကို နှစ်ပေါင်း ၂၅ကြာအောင် အင်တာဗျူးလုပ်လို့ရလာတဲ့ တွေ့ရှိချက်ဖြစ်နေပြန်ပါတယ်။ တယောက်ရဲ့ နည်းလမ်းက ကျယ်ပြန့်ပေမဲ့ တိမ်တယ်။ နောက်တစ်ယောက်ကျတော့ နက်ရှိုင်းပေမဲ့ ကျဉ်းမြောင်းတယ်တဲ့။ ဒါကျမပြောတာ မဟုတ်ဘူးနော်။ :P

"Dr. Hetherington ဟာ ကလေးတွေနဲ့ တခါမှ အင်တာဗျူးမလုပ်ဖူးပါဘူး။ ကျမကတော့ ဒီကလေးတွေနဲ့ နာရီပေါင်းထောင်နဲ့ချီပြီး အနီးကပ်စကားပြောဆိုခဲ့ဖူးပါတယ်။ သူတို့ဘာတွေ တွေးတောကြတယ်။ ဘာတွေမျှော်မှန်းတောင့်တကြတယ်ဆိုတာ ကျမအရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့တွေ့ရှိချက်တွေကတော့ ကလေးတွေကို နားလည်ပေးနိုင်မှုတွေ မပါဘူးလို့ထင်တယ်" လို့ ကဆိုပြန်ပါရော…

Wallerstein နဲ့ Hetherington တို့ရဲ့ စကားရည်လုပွဲလို ဖြစ်နေတဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေကို ဒီမှာသွားဖတ်နိုင်ပါတယ်နော်။ တတ်သမျှမှတ်သမျှ ဘာသာပြန်ထားတာမို့လို့ အမှားတွေ အလွဲတွေရှိခဲ့ရင် တောင်းပန်ပါတယ်ရှင်။

Monday, 5 November 2007

ကိုယ်ကျင့်တရားတဲ့လား ....

မနက်နိုးနိုးချင်း လည်ချောင်းအရမ်းနာနေတာနဲ့ ကျမအမေက အလုပ်သွားရင် ငုံရတဲ့ဆေးလေး ဆေးဆိုင်မှာဝင်ဝယ်သွားလိုက်လို့ပြောတယ်။ ဒါနဲ့ပဲ ကားဂိတ်ကနေ ရှေ့နည်းနည်းလျှောက်ရတဲ့ ဆေးဆိုင်မှာ ၀ယ်ဖို့သွားမိတယ်။ ဒါကံဆိုးစေဖို့ အစပါပဲ။ ကျမရဲ့ အကျင့်အတိုင်း လမ်းလျှောက်ရင်ဘေးဘီဝဲယာ မကြည့်မိပါဘူး။ နည်းနည်းလဲနောက်ကျနေတာကြောင့် ကိုယ့်ဇောနဲ့ကိုယ် ဘာမှကို ဂရုမစိုက်မိတာပါ။


"…………………………"


ကျမနဲ့ မျက်နှာချင်းဆိုင်မှ လျှောက်လာတဲ့ ယောက်ျားတယောက်ဆီက ကြားလိုက်ရတဲ့အသံ…။ ကိုယ့်နားတောင်ကိုယ် မယုံနိုင်ဘူး။ မိုက်ရိုင်းလွန်းလို့ ကျမထည့်မရေးတော့ပါဘူး။ မျိုသိပ်နိုင်စွမ်းမရှိတော့တဲ့ ဒေါသနဲ့အတူ ကျမအဲဒီ့လူကို လှည့်ကြည့်မိတယ်။ အရှက်ပဲမရှိတာလား… ကိုယ့်ကိုယ်ကိုပဲ ဂုဏ်ယူနေတာလားတော့မသိ။ အဲဒီ့လူကလည်း ကျမကိုပြန်လှည့်ကြည့်နေတယ်။ အရမ်းလည်း အံ့သြမိတယ်။ ဆံပင်ကလေ ဆံစပ်မှာတောင် ဖြူနေပြီ။ အသက်က အနည်းဆုံးတော့ ၄၅ နှစ်ထက်မငယ်ဘူး။ သူမဟုတ်သလို မျက်နှာပေးနဲ့။ တော်တော် သိက္ခာမရှိတဲ့လူနော်။ သားသမီးချင်းမှ ကိုယ်ချင်းမစာ။ သူ့အသက်အရွယ်နဲ့ မိန်းမရှိတယ်ဆို သူ့ကလေးလည်း ကျမအရွယ်လောက်တော့ ရှိမှာပဲ။ ကိုယ့်သားသမီးသာဆိုရင် ဆိုတဲ့ စိတ်ဓါတ်မျိုးထားတတ်ရင် ဒါမျိုးဘယ်ပြောထွက်ပါ့မလဲ။ ကျမဒေါသကို ကျမ မထိန်းနိုင်လို့ တခုခုပြန် အော်ပြောကြည့်…။ ကျမပဲ အရှက်ကွဲမှာ။ သူတိုးတိုးကပ်ပြောသွားတာကျတော့ အဲဒီ့ တဏှာရူးနဲ့ ကျမ နှစ်ယောက်ပဲကြားတယ်။ ကျမပြန်အော်မိရင်တောင် အများသူငှာရဲ့ အမြင်မှာ ကိုယ့်အဖေလောက်ရှိတာကို မိုက်ရိုင်းတယ်လို့ပဲ အပေါ်ယံမြင်ကြမှာ။


ဒါမိန်းကလေးတိုင်း ကြုံတွေ့နေရတဲ့ ဒုက္ခပါ။ ဒါရုပ်ချောတာ မချောတာနဲ့ မဆိုင်ပါဘူး။ မိန်းကလေးဖြစ်ရင်ပြီးရော။ ကိုယ့်ဘေးနားက ဖြတ်သွားတာနဲ့ နည်းနည်းလောက်တော့ အောက်တန်းကျလိုက်ရမှ..။ သူတို့တွေက ဘယ်လိုထင်နေတယ် နားမလည်တတ်တော့ပါဘူး။ လမ်းပေါ်မှာ သွားလာနေတဲ့ မိန်းကလေး မှန်သမျှ သူတို့ သားပြော မယားပြော ပြောပိုင်ခွင့်ရှိတယ်လို့ကို ခံယူထားကြလေသလားတော့ မပြောတတ်။ အနည်းဆုံးတော့ `ဘယ်သွားမလို့လဲ´ လောက်တော့ ပါးစပ်သရမ်းလိုက်ရမှ ကျေနပ်ကြပါတယ်။ ဒီ့ထက်ပိုဆိုးတာက မိန်းမပျက်တွေကိုပြောသလိုမျိုး `လိုက်မလား´ တို့ ဘာတို့…။ ဘယ်လိုမှ စဉ်းစားမရတာက သူတို့ အဲဒီ့လို ပါးစပ်အရသာခံပြီး ပြောလိုက်ရလို့ ဘာတွေအကျိုးရှိသွားလဲ။ အပြောခံရတဲ့သူက ကျေနပ်နေလိမ့်မယ်လို့များ ထင်မြင်နေကြသလား။



တကယ်ဆို မိန်းကလေးဘက်က နစ်နာတာချည်းပဲ။ ဟိုလူပြောသွားတာ စကားလုံးက သုံးလုံးထဲပါ။ ဒါပေမဲ့မိန်းကလေးတယောက်ကို မျက်ရည်ပေါက်ပေါက်ကျစေနိုင်လောက်အောင် အောက်တန်းကျတယ်။ အပြောခံရအောင် ဘယ်လိုများဝတ်စားဆင်ယင်ထားလဲမှမသိတာလို့တော့ သံသယ မပွားပါနဲ့။ ကျမ အဲဒီ့လောက် လျှပ်ပေါ်လော်လီတဲ့ မိန်းမတယောက်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကောင်းကောင်းမထိန်းသိမ်းနိုင်ရအောင်လည်း ဆယ်ကျော်သက်တယောက်မဟုတ်ပါဘူး။


ဒါကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာတရားနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ ယောက်ျားလေးအကုန်လုံးကို မရည်ညွှန်းဘူးနော်။ ဘာမှ သွေးမတော်သားမစပ်ပေမဲ့ စေတနာ သန့်သန့်နဲ့ နှမချင်းစာနာပြီး ကူညီဖေးမတတ်တဲ့ ယောက်ျားသားမျိုးတွေလဲ ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်သိက္ခာကိုကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းကစထူထောင်ပါမှ နိုင်ငံတနိုင်ငံရဲ့ ပြယုဂ်ဟာ တခြားနိုင်ငံတွေရဲ့အမြင်မှာ ချီးကျူးစရာ ဖြစ်လာနိုင်မှာပါ။ အခုတော့ တခြားနိုင်ငံသားမပြောနဲ့ ကိုယ့်လူမျိုးအချင်းချင်းတောင် ဒီလို စော်ကားမော်ကားပြောဆိုနေမှတော့…. ။ မှန်းကြည့်တာနဲ့တင် ဘယ်လောက် စိတ်ဓါတ်တွေ ပျက်ယွင်းနေကြလဲ အသိသာကြီး။ ဒီလို လူမျိုးရဲ့စိတ်ထဲမှာ `ငါတို့ နိုင်ငံတိုးတက်ဖို့ ၊ ဘာသာ သာသနာ ထွန်းကားဖို့ ၊ ခေတ်နဲ့ အညီရင်ဘောင်တန်းနိုင်ဖို့ ´ စတဲ့ နိုင်ငံချစ်စိတ် ၊ နိုင်ငံကြီးသားစိတ် မျိုးရှိဘို့ဆိုတာ ကျောက်ခဲကို ဆီကျိတ်သလိုပဲ ဖြစ်နေမှာ ပြောဘို့တောင်မလိုပါဘူး။


လူအများအမြင်မှာတော့ လူကြီးသူကောင်း ပုံစံမျိုးနဲ့ နောက်ကွယ်ကျ အဲဒီ့လိုပါးစပ်အရသာခံ အောက်တန်းကျနေမဲ့ လူမျိုးဘယ်လောက်တောင်ရှိလိမ့်မလဲ။ ခုဏက ကျမကို ပြောသွားတဲ့ လူရဲ့သားသမီးတွေအနေနဲ့ဆိုရင်ရော…. သူတို့အဖေ အပြင်မှာ အဲသလို သားသမီးချင်း ကိုယ်ချင်းမစာ ပြောထွက်ခဲ့တာသိရင်… ??? သူကိုယ်တိုင်ရော ကိုယ့်ကိုယ်ကို လိပ်ပြာသန့်သန့်နေနိုင်လား… ??? ဒါမျိုးတွေတောင် ထည့်မတွက်နိုင်တော့လောက်အောင် စိတ်ဓါတ်တွေက ယုတ်ညံ့ကုန်ကြပြီလား… ??? မြန်မာလူမျိုးတွေ အရမ်းကို ယဉ်ကျေးသိမ်မွေ့ကြတယ်ဆို… ??? အပေါ်ယံ ယဉ်ကျေးပြီး စိတ်ဓါတ်တွေကတော့ ပြုပြင်မရနိုင်လောက်အောင် ဆုတ်ပြတ်နုံချာနေရင် ဘာအသုံးကျမှာလဲ။


မနက်စောစောစီးစီး တွေ့ကြုံလာရတဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကြောင့် ဒီနေ့လုပ်သမျှကိုင်သမျှ အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိနိုင်တော့မယ်မထင်ပါဘူး… ။