Tuesday, 11 September 2007

ငယ်ငယ်တုံးက

တနေ့ ကျမအမေ အပြင်သွားပြီး ပြန်လာတော့ ကျမငယ်ငယ်တုန်းက သူငယ်ချင်းကောင်လေးရဲ့ ညီမနဲ့တွေ့ခဲ့တယ်တဲ့...ကျမနဲ့ကျမ သူငယ်ချင်းကအသက်သာရွယ်တူ ၀ါတော့ကျမထက်ကြီးနေပြီလို့ အမေကပြောပြတယ်…သူကမိန်းမရပြီးလို့ သမီးလေးတယောက်တောင် ရနေပြီတဲ့…သူနဲ့လည်း မတွေ့ဖြစ်တာ ကြာလှပေါ့…သူနဲ့ ခင်မင်ခဲ့တဲ့ အချိန်ကလည်း ဘယ်လောက်မှ မကြာခဲ့ပေမဲ့ ကျမကို အဲဒီ့ အသက်အရွယ်မှာ အနိုင်မကျင့်ဘဲ သီးခံတာဆိုလို့ သူတယောက်ပဲ ရှိတာကိုး…သူနဲ့ဆို ကျမကစားချင်တာ ကစားလို့ရသလို ဆရာလည်း လုပ်လို့ရတယ်လေ…အဲဒီ့တုန်းကဆို ကျမရော သူရော ကျောင်းတောင်မနေရသေးဘူးလေ…ကျောင်းလည်းစတက်ရော သူနဲ့ကျမတက်တဲ့ ကျောင်းချင်းကလည်းမတူတော့ သိပ်မကစားဖြစ်တော့တာ ၃တန်းနှစ်မှာ ကျမတို့အိမ်ပြောင်းပြီးနောက် ပြန်ကိုမတွေ့တော့ဘူး…

ငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားရင် တချို့တလေဆို မှတ်တောင်မမှတ်မိဘူး…ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကိုတော့ သတိတရနဲ့ ပြန်တွေးတိုင်းလည်း ရယ်ချင်တယ်…

အဲဒီ့အချိန်တုန်းက ကျမအမေက လမ်းမတန်း တနေရာမှာ ဆိုင်ခန်းလေးငှားပြီး စတိုးဆိုင်ဖွင့်တယ်လေ…အကူလည်းမငှားထားတော့ ဈေးဝယ်လည်းအမေပဲ…ရောင်းလည်းအမေပဲ…အဖေကတော့ သူ့အလုပ်နဲ့ သူမအားတာကြောင့် ထင်သလောက် မကူညီနိုင်ဘူးပေါ့…အမေကဈေးဝယ်သွားမယ်ဆိုရင် ကျမကို ဆိုင်ခန်းပိုင်ရှင် အဒေါ်ကြီးနဲ့ အပ်ပြီးသွားရတယ်… ကျမတို့ဆိုင်နဲ့ ဘေးကပ်လျက်မှာတော့ ဆံပင်ညှပ်ဆိုင်ရှိတယ်…ဒီအနီးအနားက ကလေးမှန်သမျှ ဒီဆိုင်နဲ့မလွတ်ဘူး…အဲဒီ့အချိန်တုန်းက ခောတ်စားတာက အုန်းမွှေးလုံးကေ တဲ့…နောက်စေ့လေးက ဖောင်းဖောင်းလေးနဲ့…ဟီးဟီး…ကျမရော ကျမဘော်ဒါရော နှစ်ယောက်လုံးက အုံးမွှေးလုံးကေနဲ့… တနေ့ကျတော့ ထုံးစံအတိုင်း အမေက မှာထားတဲ့ ပစ္စည်းလေးတွေသွားယူစရာရှိတာနဲ့ ကျမကို ဟိုအဒေါ်ကြီးနဲ့ ထားခဲ့ပြီး ထွက်သွားရရော…အမေက ကျမပျင်းနေမှာစိုးလို့ဆိုပြီး ကျမရဲ့ဘော်ဒါကိုပါ ကစားဖို့ ခေါ်ထားပေးခဲ့တယ်… ဆိုင်စောင့်ပေးတဲ့ အဒေါ်ကြီးကလည်း ဘယ်ရောက်သွားတယ်မပြောတတ်…သူ့ခမျာလည်း သူ့ကိုယ်ပိုင်စာအုပ်ဆိုင်နဲ့ ဆိုတော့ ဟိုကူးဒီကူးနဲ့…အဲဒီ့တုန်းက ဘယ်ကနေဘယ်လို အိုင်ဒီယာရသွားတယ်မသိ…ဆံပင်ညှပ်တိုင်း ကစားမယ်ဖြစ်ရော…ဘော်ဒါကလည်းမငြင်းရှာဘူး…စာသင်တန်းဆော့ရင် ကျမက ဆရာမ သူကတပည့် ၊ အိုးပုတ်နဲ့ဆော့ရင် ကျမက မုန့်ရောင်း သူကတော့ စက္ကူအပိုင်းလေးတွေနဲ့ ၀ယ်စားတဲ့သူ (မုန့်ရောင်းမှ အိုးပုတ်ကိုင်ရတာမှလား) ခုဆံပင်ညှပ်တိုင်း ကစားမယ်ဆိုတော့ ကျမက ဆံပင်ညှပ်ဆရာပေါ့…အနီးအနားမှာကလည်း ဆံပင်ညှပ်ဆိုင်က ရှိနေတော့ ဘယ်ပြောကောင်းမလဲ…အတုယူပြီး သမ ပေးလိုက်တာ… ကိုယ့်ဟာကိုယ်တော့ ဘယ်လိုလုပ်လိုက်မှန်းတောင် မသိ…သမိန်ပေါသွပ်ကာတွန်းထဲကလို ကျွန်ုပ်တို့ ဇာတ်လိုက်ရှော်ကြီးသည် မည်သို့လုပ်လိုက်သည်မသိ… ရန်သူများ အတုံးအရုံးဖြစ်ကုန်ကြ၏ ဆိုသလိုမျိုး…ပြီးတော့ ကျမ အမေပြန်ရောက်တာတောင်မစောင့်တော့ပဲနဲ့ သူကပြန်ပြေးပါလေရော… နောက်နေ့ကျတော့ ဆိုင်ဖွင့်ပြီး သိပ်မကြာပါဘူး… ထုံးစံအတိုင်း ကျမဘော်ဒါရောက်လာပါလေရဲ့… ဒါပေမဲ့ ထုံးစံအတိုင်း မဟုတ်တာကတော့ သူရဲ့အုံးမွှေးလုံးကေ နေရာမှာ ဂတုံးပြောင်ပြောင်က နေရာယူလို့…ဒါတင်ဘယ်ကအုံးမလဲ…သူ့ဘေးမှာ သူ့ကိုလက်တွဲထားပြီး ဒေါသထွက်နေတဲ့ သူ့အဖေကြီးတောင် ပါသေး…

"အမရယ်…အမသမီးလုပ်ပုံကိုလည်း ကြည့်ဦး… မနေ့က ကျနော့်သား ပြန်လာတော့ ခေါင်းကမြင်မကောင်းဘူး…ဟိုတကွက် ဒီတကွက်နဲ့ ဘယ်လိုမှ ကြည့်မကောင်းလို့ ဂတုံးတုံးလိုက်ရတယ်…"

ကျမကလေ ဆံပင်ညှပ်တိုင်းဆော့မယ်ဆိုပြီး ဆိုင်မှာတင်ရောင်းတဲ့ ကပ်ကြေးနဲ့ တကယ် သမပေးလိုက်တာ…ဒါတောင် အမှတ်မရှိနော်…ပြောင်နေတဲ့ ဂတုံးမှာတောင် မရသာရသာ လက်ကိုကပ်ကြေးလုပ်ပြီး ချက်…ချက်…ချက်…ချက်နဲ့ ကစားခဲ့သေးတာ…

အော်…နှစ်တွေတောင် ကြာခဲ့ပါပေါ့လား…

No comments: