မိဘနှစ်ဦး ကွာရှင်းပြတ်စဲခြင်းမှာ သားသမီးတွေရဲ့ စိတ်ခံစားမှုကို အနည်းနဲ့အများ ထိခိုက်စေတတ်ပါတယ်။ မိဘနှစ်ပါး ကွာရှင်းပြတ်စဲဖို့ ပြင်ဆင်နေတဲ့ အချိန်အတောအတွင်းမှာဆိုရင် ကလေးတွေဟာ ဒေါသ၊ ငြင်းပယ်ခံရမှု၊ စွန့်ပစ်ခံရမှု၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း နှင့် လိုအင်မပြည့်ဝခြင်း စတဲ့ ရှုပ်ထွေးတဲ့ ခံစားမှုပေါင်းစုံ မလွဲမသွေ ကြုံတွေ့ကြရပါတယ်။ ယေဘူယျအားဖြင့် အရင်ကလို အိမ်မှာ မိဘနှစ်ပါးအတူရှိခဲ့တဲ့ အချိန်ကို တမ်းတနေတတ်ပြီး လက်ရှိကြုံတွေ့နေရတာတွေကို ဘယ်လိုမှနားလည်ပေးနိုင်စွမ်းမရှိတတ်ကြပါဘူး။ တနည်းအားဖြင့် ကလေးရဲ့မသိစိတ်မှာ ကြောက်ရွံ့စိတ်ဝင်ကာ ပေါင်းသင်းဆက်ဆံရေး၊ အားကစား၊ စာသင်ကျောင်း နဲ့ ကိုယ်ဝါသနာပါရာ နယ်ပယ်တွေမှာ ကျရှုံးဖို့ စတင်လာခြင်းမျိုးလဲ ဖြစ်ပါတယ်။
လူမှုရေးပညာရှင်၊ မိသားစုကျန်းမာရေး အထူးပြု Judith Wallerstein နဲ့ Joan Kelly တို့ရဲ့ ၁၉၇၀ ပြည့်နှစ်အစောပိုင်းမှာစပြီး ကယ်လီဖိုးနီးယားပြည်နယ်
မိဘများ ကွာရှင်းပြတ်စဲမှုကြောင့် ကလေးအတော်များများဟာ စိတ်နာကျင်မှုကို ခံစားရပြီး နောက်ဆက်တွဲအနေနဲ့ အပျို၊ လူပျိုဘော်ဝင်ကာစ ကြားကာလမှ အရွယ်ရောက်သည့် တလျှောက်လုံး အဲဒီ့ ဝေဒနာကို မေ့ပစ်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ ဒါကြောင့်ပဲ စိတ်ဓါတ်ကျခြင်း၊ ပြောဆိုဆုံးမရခက်ခြင်း၊ ပညာရေးညံ့ဖျင်းခြင်း၊ ကျရှုံးရမှာကို ကြောက်ရွံ့ခြင်း၊ တာဝန်ဝတ္တရားများကို ကြောက်ရွံ့စိတ်၊ ကိုယ့်မိဘတွေ လျှောက်ခဲ့တဲ့လမ်းမျိုး ပြန်လျှောက်ရမှာထိတ်လန့်ခြင်းကြောင့် တခါတရံ လက်ထပ်ဖို့အပြင် သားသမီးယူဖို့ကိုတောင် တွေဝေကောင်း တွေဝေတတ်ပြန်ပါတယ်။
မိဘနှစ်ပါးနဲ့အတူ ကြီးပြင်းခဲ့တဲ့ ကလေးနဲ့ အိမ်ထောင်ကွဲမိသားစုမှ ကလေး တို့ကို ယှဉ်ကြည့်မယ်ဆိုရင် ကွာရှင်းထားတဲ့ မိသားစုမှ ကလေးဟာ ပိုပြီး စိတ်ခံစားမှုလွယ်တဲ့အပြင် သူ့ရဲ့အပြုအမူနဲ့ဆိုင်တဲ့ ပြဿနာတွေ ပိုထူပြောနေတတ်ပါတယ်။
ဘယ်လိုပဲပြောပြော ကွာရှင်းပြတ်စဲကြပြီဆိုတာနဲ့ ဒါဟာ မိဘနှစ်ပါးသာမက သားသမီးတွေပါ သောကရောက်စရာ ကိစ္စသာဖြစ်ပါတယ်။ မိဘနှစ်ပါးရဲ့ မပြေလည်မှုကြောင့် ကြားထဲက ကလေးတွေက မြေစာပင်သဘောအဖြစ် စိတ်ထိခိုက်ရမှာ သေချာလွန်းလှပါတယ်။ ကလေးတွေရဲ့ စိတ်နာကျင်မှုဟာ အမှန်တကယ်ထိရှခံစားနေရတာဖြစ်ပြီး သူတို့ကို ကရုဏာသက်စွာ ကူညီဖေးမသင့်ပါတယ်။
ဒါဟာ Wallerstein ရဲ့ ၁၅ နှစ်တာ ကာလအတွင်း လေ့လာပြီးရရှိခဲ့တဲ့ ရလာဒ်ပါ။ ဒါပေမဲ့ စိတ်ပညာရှင် ပရော်ဖက်ဆာ Mavis Hetherington ကကျတော့ ခုလိုပြန်ချေပပြန်ပါရော။
အိမ်ထောင်ကွဲမိသားစုက ကလေး ၇၅% မှ ၈၀% ထိဟာ စိတ်နာကျင်မှု အနည်းငယ်ကျန်ရှိနိုင်သေးသော်လည်း အရာရာကို ကောင်းမွန်ပြည့်စုံစွာ ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်။ မိသားစုပေါင်း ၁၄၀၀ မှ ကလေးအယောက် ၂၅၀၀ ကို အခြေခံပြီး ရရှိတဲ့ စစ်တမ်းအရ - မိဘများ၏ ကွာရှင်းပြတ်စဲမှုအပြီး နောက် ၂နှစ်အတွင်းမှာ ကလေးအများစုရဲ့ လုပ်ရည်ကိုင်ရည်ဟာ သဘာဝကျကျ ပြန်လည်ကောင်းမွန်စပြုနေပါပြီ။
အချို့အမျိုးသမီးတွေနဲ့ မိန်းကလေးများဟာ ပျော်ရွှင်မှုမရှိတော့တဲ့ မိသားစုဘ၀မှာထက် ကွာရှင်းပြတ်စဲပြီးနောက်မှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည် ပိုပြီးတိုးတက်လာတတ်ကြပြန်ပါတယ်။
ကွာရှင်းပြတ်စဲထားတဲ့ မိဘ ၇၀% ကျပြန်တော့ ကွာရှင်းမှုမပြုခင်ကထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါတယ်… တဲ့ရှင်။
Hetherington ကတော့ သူမဟာ လူတွေကို Wallerstein ထက်ပိုပြီး အကောင်းမြင်တဲ့ အကြည့်နဲ့ မြင်ပြီးရေးသားထားတာပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်းပြတ်စဲကြခြင်းဆိုတာ နာကျင်မှုတွေ ပြည့်နေတဲ့ ဘ၀အတွေ့အကြုံတခုပါပဲ။ သားသမီး၊ အဖေ၊ အမေ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ အပြစ်မဲ့တဲ့ ကွာရှင်းပြတ်စဲခြင်းဆိုတာမျိုး ရှိလည်းမရှိပါဘူး။ ဒါပေမဲ့ ၇၅% ကနေ ၈၀% ထိဟာတော့ စိတ်ဒဏ်ရာရခြင်းမှ ပြန်လည်ကောင်းမွန်နိုင်ပါတယ် လို့ဆိုပါတယ်။
Hetherington ရဲ့စစ်တမ်းက ထောင်ကျော်တဲ့ ကလေးတွေကို အခြေခံပြီး Wallerstein ကျပြန်တော့ ကလေး အယောက်၆၀ ကို နှစ်ပေါင်း ၂၅ကြာအောင် အင်တာဗျူးလုပ်လို့ရလာတဲ့ တွေ့ရှိချက်ဖြစ်နေပြန်ပါတယ်။ တယောက်ရဲ့ နည်းလမ်းက ကျယ်ပြန့်ပေမဲ့ တိမ်တယ်။ နောက်တစ်ယောက်ကျတော့ နက်ရှိုင်းပေမဲ့ ကျဉ်းမြောင်းတယ်တဲ့။ ဒါကျမပြောတာ မဟုတ်ဘူးနော်။ :P
"Dr. Hetherington ဟာ ကလေးတွေနဲ့ တခါမှ အင်တာဗျူးမလုပ်ဖူးပါဘူး။ ကျမကတော့ ဒီကလေးတွေနဲ့ နာရီပေါင်းထောင်နဲ့ချီပြီး အနီးကပ်စကားပြောဆိုခဲ့ဖူးပါတယ်။ သူတို့ဘာတွေ တွေးတောကြတယ်။ ဘာတွေမျှော်မှန်းတောင့်တကြတယ်ဆိုတာ ကျမအရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့တွေ့ရှိချက်တွေကတော့ ကလေးတွေကို နားလည်ပေးနိုင်မှုတွေ မပါဘူးလို့ထင်တယ်" လို့ ကဆိုပြန်ပါရော…
Wallerstein နဲ့ Hetherington တို့ရဲ့ စကားရည်လုပွဲလို ဖြစ်နေတဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေကို ဒီမှာသွားဖတ်နိုင်ပါတယ်နော်။ တတ်သမျှမှတ်သမျှ ဘာသာပြန်ထားတာမို့လို့ အမှားတွေ အလွဲတွေရှိခဲ့ရင် တောင်းပန်ပါတယ်ရှင်။
