မနက်နိုးနိုးချင်း လည်ချောင်းအရမ်းနာနေတာနဲ့ ကျမအမေက အလုပ်သွားရင် ငုံရတဲ့ဆေးလေး ဆေးဆိုင်မှာဝင်ဝယ်သွားလိုက်လို့ပြောတယ်။ ဒါနဲ့ပဲ ကားဂိတ်ကနေ ရှေ့နည်းနည်းလျှောက်ရတဲ့ ဆေးဆိုင်မှာ ၀ယ်ဖို့သွားမိတယ်။ ဒါကံဆိုးစေဖို့ အစပါပဲ။ ကျမရဲ့ အကျင့်အတိုင်း လမ်းလျှောက်ရင်ဘေးဘီဝဲယာ မကြည့်မိပါဘူး။ နည်းနည်းလဲနောက်ကျနေတာကြောင့် ကိုယ့်ဇောနဲ့ကိုယ် ဘာမှကို ဂရုမစိုက်မိတာပါ။
"…………………………"
ကျမနဲ့ မျက်နှာချင်းဆိုင်မှ လျှောက်လာတဲ့ ယောက်ျားတယောက်ဆီက ကြားလိုက်ရတဲ့အသံ…။ ကိုယ့်နားတောင်ကိုယ် မယုံနိုင်ဘူး။ မိုက်ရိုင်းလွန်းလို့ ကျမထည့်မရေးတော့ပါဘူး။ မျိုသိပ်နိုင်စွမ်းမရှိတော့တဲ့ ဒေါသနဲ့အတူ ကျမအဲဒီ့လူကို လှည့်ကြည့်မိတယ်။ အရှက်ပဲမရှိတာလား… ကိုယ့်ကိုယ်ကိုပဲ ဂုဏ်ယူနေတာလားတော့မသိ။ အဲဒီ့လူကလည်း ကျမကိုပြန်လှည့်ကြည့်နေတယ်။ အရမ်းလည်း အံ့သြမိတယ်။ ဆံပင်ကလေ ဆံစပ်မှာတောင် ဖြူနေပြီ။ အသက်က အနည်းဆုံးတော့ ၄၅ နှစ်ထက်မငယ်ဘူး။ သူမဟုတ်သလို မျက်နှာပေးနဲ့။ တော်တော် သိက္ခာမရှိတဲ့လူနော်။ သားသမီးချင်းမှ ကိုယ်ချင်းမစာ။ သူ့အသက်အရွယ်နဲ့ မိန်းမရှိတယ်ဆို သူ့ကလေးလည်း ကျမအရွယ်လောက်တော့ ရှိမှာပဲ။ ကိုယ့်သားသမီးသာဆိုရင် ဆိုတဲ့ စိတ်ဓါတ်မျိုးထားတတ်ရင် ဒါမျိုးဘယ်ပြောထွက်ပါ့မလဲ။ ကျမဒေါသကို ကျမ မထိန်းနိုင်လို့ တခုခုပြန် အော်ပြောကြည့်…။ ကျမပဲ အရှက်ကွဲမှာ။ သူတိုးတိုးကပ်ပြောသွားတာကျတော့ အဲဒီ့ တဏှာရူးနဲ့ ကျမ နှစ်ယောက်ပဲကြားတယ်။ ကျမပြန်အော်မိရင်တောင် အများသူငှာရဲ့ အမြင်မှာ ကိုယ့်အဖေလောက်ရှိတာကို မိုက်ရိုင်းတယ်လို့ပဲ အပေါ်ယံမြင်ကြမှာ။
ဒါမိန်းကလေးတိုင်း ကြုံတွေ့နေရတဲ့ ဒုက္ခပါ။ ဒါရုပ်ချောတာ မချောတာနဲ့ မဆိုင်ပါဘူး။ မိန်းကလေးဖြစ်ရင်ပြီးရော။ ကိုယ့်ဘေးနားက ဖြတ်သွားတာနဲ့ နည်းနည်းလောက်တော့ အောက်တန်းကျလိုက်ရမှ..။ သူတို့တွေက ဘယ်လိုထင်နေတယ် နားမလည်တတ်တော့ပါဘူး။ လမ်းပေါ်မှာ သွားလာနေတဲ့ မိန်းကလေး မှန်သမျှ သူတို့ သားပြော မယားပြော ပြောပိုင်ခွင့်ရှိတယ်လို့ကို ခံယူထားကြလေသလားတော့ မပြောတတ်။ အနည်းဆုံးတော့ `ဘယ်သွားမလို့လဲ´ လောက်တော့ ပါးစပ်သရမ်းလိုက်ရမှ ကျေနပ်ကြပါတယ်။ ဒီ့ထက်ပိုဆိုးတာက မိန်းမပျက်တွေကိုပြောသလိုမျိုး `လိုက်မလား´ တို့ ဘာတို့…။ ဘယ်လိုမှ စဉ်းစားမရတာက သူတို့ အဲဒီ့လို ပါးစပ်အရသာခံပြီး ပြောလိုက်ရလို့ ဘာတွေအကျိုးရှိသွားလဲ။ အပြောခံရတဲ့သူက ကျေနပ်နေလိမ့်မယ်လို့များ ထင်မြင်နေကြသလား။
တကယ်ဆို မိန်းကလေးဘက်က နစ်နာတာချည်းပဲ။ ဟိုလူပြောသွားတာ စကားလုံးက သုံးလုံးထဲပါ။ ဒါပေမဲ့မိန်းကလေးတယောက်ကို မျက်ရည်ပေါက်ပေါက်ကျစေနိုင်လောက်အောင် အောက်တန်းကျတယ်။ အပြောခံရအောင် ဘယ်လိုများဝတ်စားဆင်ယင်ထားလဲမှမသိတာလို့တော့ သံသယ မပွားပါနဲ့။ ကျမ အဲဒီ့လောက် လျှပ်ပေါ်လော်လီတဲ့ မိန်းမတယောက်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကောင်းကောင်းမထိန်းသိမ်းနိုင်ရအောင်လည်း ဆယ်ကျော်သက်တယောက်မဟုတ်ပါဘူး။
ဒါကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာတရားနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ ယောက်ျားလေးအကုန်လုံးကို မရည်ညွှန်းဘူးနော်။ ဘာမှ သွေးမတော်သားမစပ်ပေမဲ့ စေတနာ သန့်သန့်နဲ့ နှမချင်းစာနာပြီး ကူညီဖေးမတတ်တဲ့ ယောက်ျားသားမျိုးတွေလဲ ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်သိက္ခာကိုကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းကစထူထောင်ပါမှ နိုင်ငံတနိုင်ငံရဲ့ ပြယုဂ်ဟာ တခြားနိုင်ငံတွေရဲ့အမြင်မှာ ချီးကျူးစရာ ဖြစ်လာနိုင်မှာပါ။ အခုတော့ တခြားနိုင်ငံသားမပြောနဲ့ ကိုယ့်လူမျိုးအချင်းချင်းတောင် ဒီလို စော်ကားမော်ကားပြောဆိုနေမှတော့…. ။ မှန်းကြည့်တာနဲ့တင် ဘယ်လောက် စိတ်ဓါတ်တွေ ပျက်ယွင်းနေကြလဲ အသိသာကြီး။ ဒီလို လူမျိုးရဲ့စိတ်ထဲမှာ `ငါတို့ နိုင်ငံတိုးတက်ဖို့ ၊ ဘာသာ သာသနာ ထွန်းကားဖို့ ၊ ခေတ်နဲ့ အညီရင်ဘောင်တန်းနိုင်ဖို့ ´ စတဲ့ နိုင်ငံချစ်စိတ် ၊ နိုင်ငံကြီးသားစိတ် မျိုးရှိဘို့ဆိုတာ ကျောက်ခဲကို ဆီကျိတ်သလိုပဲ ဖြစ်နေမှာ ပြောဘို့တောင်မလိုပါဘူး။
လူအများအမြင်မှာတော့ လူကြီးသူကောင်း ပုံစံမျိုးနဲ့ နောက်ကွယ်ကျ အဲဒီ့လိုပါးစပ်အရသာခံ အောက်တန်းကျနေမဲ့ လူမျိုးဘယ်လောက်တောင်ရှိလိမ့်မလဲ။ ခုဏက ကျမကို ပြောသွားတဲ့ လူရဲ့သားသမီးတွေအနေနဲ့ဆိုရင်ရော…. သူတို့အဖေ အပြင်မှာ အဲသလို သားသမီးချင်း ကိုယ်ချင်းမစာ ပြောထွက်ခဲ့တာသိရင်… ??? သူကိုယ်တိုင်ရော ကိုယ့်ကိုယ်ကို လိပ်ပြာသန့်သန့်နေနိုင်လား… ??? ဒါမျိုးတွေတောင် ထည့်မတွက်နိုင်တော့လောက်အောင် စိတ်ဓါတ်တွေက ယုတ်ညံ့ကုန်ကြပြီလား… ??? မြန်မာလူမျိုးတွေ အရမ်းကို ယဉ်ကျေးသိမ်မွေ့ကြတယ်ဆို… ??? အပေါ်ယံ ယဉ်ကျေးပြီး စိတ်ဓါတ်တွေကတော့ ပြုပြင်မရနိုင်လောက်အောင် ဆုတ်ပြတ်နုံချာနေရင် ဘာအသုံးကျမှာလဲ။
မနက်စောစောစီးစီး တွေ့ကြုံလာရတဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကြောင့် ဒီနေ့လုပ်သမျှကိုင်သမျှ အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိနိုင်တော့မယ်မထင်ပါဘူး… ။

9 comments:
လင်းလဲကြုံဘူးတယ်။လင်းတုံးကတော့စိတ်မထိန်းနိုင်လွန်း
လို့ ပြောတဲ့ လူရှေ့ သွားရပ်ပြီးဘာပြောတာလဲသေချာမကြားလိုက်လို့ ယောက်ျားပီသရင်နောက်တခေါက်ထပ်ပြောစမ်းပါလို့ ပြောလိုက်တာ။အုပ်စုတောင့်တဲ့ သူတို့ ကပြန်ပြောတယ်။သူ့ စကားလဲဆုံးရောပါးကိုဗြန်းကနဲ
ချပစ်လိုက်တယ်။အေးရောဘဲ
အေးဗျာ။ ဒီလိုရိုင်းတဲ့လူတွေ ရှိတော့ တကယ်ဝမ်းနည်းမိပါတယ်။
ကိုယ်ချင်းစာပါတယ် သီရိရေ…ဆုဝေလဲ ဆယ်တန်းတုန်းက ကျူရှင်အသွား လိုင်းကားပေါ်မှာ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့ ပါးစပ်စည်းမစောင့်မှုနဲ့ ကြုံဖူးပါတယ်…။ သီရိပြောသလိုပဲ နှစ်ကိုယ်ကြားကပ်ပြီး ပြောလိုက်တာဆိုတော့ တစ်ခုခုတုံ့ပြန်လိုက်ရင်လဲ ကိုယ်ပဲရိုင်းရာကျဦးမယ်…။ ကိုယ့်ဒေါသကို ပြန်မျိုချပြီး ဆင်းရမယ့်မှတ်တိုင်မရောက်သေးပေမယ့် ကြုံရာမှတ်တိုင်တစ်ခုမှာပဲ ကားပေါ်ကနေ ဆင်းလိုက်တယ်…။ ကိုယ့်သမီးအရွယ် ကျောင်းသူလေးတစ်ယောက် ကားတိုးစီးနေရတာကို သူတို့မို့လို့ ပြောထွက်ရက်တယ်ဆိုပြီး အံ့သြလို့မဆုံးပါဘူး…။ ယောက်ျားမပီသတဲ့ ယောက်ျားတွေရှိနေသရွေ့ ဆုဝေတို့မိန်းကလေးတွေလဲ သည်းခံနိုင်တဲ့ အတိုင်းအတာ ရှိသလောက်တော့ သည်းခံရဦးမှာပေါ့နော်…။
ဘုရား .. ဘုရား .. အဲ့လောက်တောင်ပဲ ဖြစ်နေကြပြီလား။ တော့တိုး မကြုံဖူးပေမယ့် ကိုယ်ချင်းစာ ပါတယ်။ တော့တိုးသာဆို လင်းလိုပဲ ဆွဲတီးမိမှာ။ မြန်မာပြည်မှာ ဒီလို အောက်တန်းကျတဲ့စိတ်တွေ နှမချင်းမစာနာတဲ့စိတ်တွေ ရှိနေကြတာ ၀မ်းနည်းစရာပဲ။ သရုပ်ပျက် ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာတောင် ဒီလို လမ်းပေါ်မှာ သူ့လမ်းသူသွားနေတဲ့ အမျိုးသမီးတွေကို မစော်ကားရဲကြဘူး။ ကိုယ်ကသာ နယ်မကျွံသွားစေနဲ့ပေါ့။ ကမ္ဘာမှာ မြန်မာကို အထင်ကြီးစရာဆိုလို့ (လက်ရှိအနေအထားအရ) သူတို့ရဲ့ ယဉ်ကျေး သိမ်မွေ့မှု၊ စိတ်ဓါတ်အဆင့်အတန်းမြင့်မားမှု နဲ့ ကိုယ်ကျင့်တရားတွေပဲ ရှိတယ်။ ဒါတွေတောင် မရှိကြတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမတုန်း။ စိတ်မကောင်းစရာပဲ။
စိတ်မညစ်ပါနဲ့အစ်မရေ။ဒီလိုပဲလူတွေက
ပါးစပ်ကပြောပြီးလေထဲမှာပျောက်သွားတိုင်း
ပြောနေကြတာ။ သမီးဆိုခဏခဏကြုံတယ်။
လမ်းသွားရင်လေ။ ပါးစပ်သရမ်းတာပေါ့။
မကြားချင်ယောင်ဆောင်နေလိုက်။ ဒါဆိုနောက်သူတို့
ပြောတော့မှာမဟုတ်ဘူး။ စိတ်လည်းမတိုနေနဲ့နော်။
မတန်ဘူး။
ဟုတ်တယ်
အဲ့လိုအရိုင်းတွေအများကြီး
တစ်ခါတစ်လေ
တစ်ခုခုလုပ်ပစ်ချင်တယ်
ဘာလို့အဲ့လိုလုပ်ကြလဲနားမလည်နိုင်အောင်ပဲ
စကားလေးတစ်ခွန်းနဲ့ လူများသိက္ခာကို ချဖို့လွယ်တယ်နော် သူတို့အတွက်တော့
အင်း အမတို့ကတော့ အဲလို လာလုပ်ရင် ဒင်းတို့ ကိုယ်တိုင်လဲ ငါတို့ လုပ်တိုင်း ခံရတာပါကွာ ဆိုတဲ့ အတွေး မကျန်အောင်၊ ကျန်တဲ့ မြင်တဲ့ မိန်းကလေးတွေပါ ငုံ့ခံတတ်တဲ့ စိတ် ကျန်နေခဲ့မှာ စိုးတာရော.. မဟုတ် မခံတတ် တာရောကြောင့် ဆောင်ထားတဲ့ သိုးမွေး ထိုးတဲ့ တစ်ချောင်းထိုး အပ် နံပါတ် ၁၂နဲ့ နီးရာ တဆုံး ထိုးထည့် လိုက်တာပဲ.. အော်ရဲရင် အော်လေ.. သူတို့အပြစ် လူတောင် သိသေး.. အမတို့ သူငယ်ချင်းတွေ အားလုံးက အပ် ဂိုဏ်းဝင်တွေ.. ဒီလို လူစားတွေက အဲလို လုပ်မှ နောင်ကြဉ်တာ.. နောင်တော့ လက်တုန့်ပြန်တာထက် ကာကွယ်တာ ပိုကောင်းတယ် ဆိုပြီး ခေါက် ဓား ကီးချိန်းလေးတွေ လွယ်အိတ်မှာ တပ်ထားပြီး ကားစီးရင် အဲဒိ ခေါက်ဓားကို ဖြန့်ချ ထားရတယ်.. ဒါဆို ဘယ်သူမှ အနား မကပ်ရဲ၊ လက်ရော ပါးစပ်ပါ မသရမ်း ရဲတော့ဘူး။
စိတ်မကောင်းစရာဗျာ ..
တော်တော်ဆိုးတဲ့သူတွေပါလားးးးးးး
အစ်မရေ အဆင်ပြေါပါစဗျာ ။။
အဲဒါမျိုး လူတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး တပုဒ် ကျနော်ရေးခဲ့ဖူးတယ်။
http://klosayhtoo.blogspot.com/2007/09/blog-post_05.html အဲဒီမှာပါ။ အခု Helena ရေးထားတာကို ဖတ်ရတော့ စိတ်မကောင်းဘူး။
ဆောင်းပါးထဲမှာ ရေးထားတဲ့ အတိုင်း ကျနော့် ဦးကြီးက သူ့သမီး ကျနော့် အမငယ်ကို ဆုံးမတဲ့ စကားကိုပဲ လက်ဆင့်ကမ်းပါရစေဗျာ။
`မငိုနဲ့ သမီး၊ ၀မ်းလဲ မနည်းနဲ့၊ ဒီလောက်တောင် ယုတ်ညံ့ ရိုင်းစိုင်းတဲ့ လူတွေအတွက် ငိုခြင်း၊ ၀မ်းနည်းခြင်းတွေ ဖြစ်နေတာဟာ သူ့စကားတွေကို သွယ်ဝိုက်သောအားဖြင့် အသိအမှတ်ပြုနေတာပဲ။ သူ့လုပ်ရပ်က တစုံတရာ ထိရောက်သွားတာပဲ။ လူမိုက် အကြိုက် မလိုက်မိစေနဲ့´
အဆင်ပြေပါစေ။
ကလိုစေးထူး
Post a Comment