ဆုဝေက သူ့ကိုလာ tagတဲ့ ဆောင်းတွင်းအေးအေးဆိုတဲ့ အကြောင်းရေးပြီးပြီးချင်းပဲ ပြန်tag မယ်တဲ့… ဆောင်းတွင်းအေးအေးဆိုရင် ဒီဇင်ဘာလဲပါမှဖြစ်မယ်လို့ ပြောလည်းပြော tag လည်း tagပဲ… စိတ်ကူးနဲ့ စာစီကြည့်တော့ကျ အကြံဥာဏ်တွေတောင် အိုက်စပ်စပ်နဲ့… ဘာပဲဖြစ်ဖြစ်ပေါ့လေ… ဆောင်းတွင်းအေးအေး အကြောင်းကို ယပ်တောင်လေး တဖျတ်ဖျတ်နဲ့တော့ ရေးရသေးတာပေါ့…
မိဘ၀တ်ပေးသမျှနဲ့ ကျေနပ်တတ်တဲ့ ငယ်ငယ်တုံးကကျတော့ အေးလိုက်တဲ့ ဆောင်းရာသီ… ဆွယ်တာလှလှလေးတွေနဲ့ ရှိုးပေးဖို့ သိလာတဲ့အရွယ်ကျတော့ တမင်တကာ အရွဲ့တိုက်တာကျနေတာပဲ အေးကိုမအေးတော့ပါဘူး… ၀ယ်ထားတဲ့ မာဖလာလှလှလေးတွေ လက်အိတ်တွေထုတ်ဝတ်ပြီး ပဲများကြည့်ရင် ကိုယ့်ပစ္စည်းနဲ့ ကိုယ်တောင်မှ ကိုရီးယားရူးလို့ အပြောခံရဦးမှာ သေချာတယ်… တကယ်တော့လေ.. ဆောင်းရာသီကို ကျမအချစ်ဆုံးပဲ… ကျမရဲ့ မွေးလလည်း ဖြစ်တဲ့ ဒီဇင်ဘာမှာ နှင်းတွေဖွေးနေအောင်ကျရင် အရမ်းကောင်းမှာပဲလို့ အမြဲစိတ်ကူးယဉ်မိတယ်… ရန်ကုန်မှာ ကျတတ်တဲ့ နှင်းမျိုးမဟုတ်ဘူးနော်… မိုးရွာသလိုကို အဖတ်လိုက်ကျတဲ့ နှင်းမျိုးကျဖို့ စိတ်ကူးယဉ်မိတာ… ရန်ကုန်မှာက ဒါဟာလုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲနော်… အနည်းဆုံးတော့လေ ရုပ်ရှင်ကားတွေထဲမှာပဲ မြင်ဖူးတဲ့ နှင်းထုကြီးထဲမှာ လမ်းတော့လျှောက်ချင်မိသား… တယောက်ထဲတော့ ဘယ်ဟုတ်ပါ့မလဲနော်… (ဟီးဟီး) ဒါကတော့ တနေ့နေ့ပေါ့…. ရေးရင်းနဲ့ အကြောင်းအရာတွေတောင် ဘေးချော်ကုန်ပြီ…
ခုအချိန်ထိ ကျမ မှတ်မိနေသေးတဲ့ ဆောင်းတွင်းတွင်းအေးအေးလေးက ဟိုးလွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်က ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့တဲ့ အချိန်လေးပါ… အဲဒီ့နှစ်တုံးက ကျမရဲ့ အဒေါ်တွေ နေထိုင်တဲ့ လမ်းကလူတွေ အကုန်စုပြီး ဆွမ်းကြီးလောင်း အလှုပွဲအောင်မြင်တဲ့ အနေနဲ့သွားတဲ့ အမှတ်တရခရီးလေးပါ… ကားတစီးလုံး ကိုယ့်အသိတွေချည်းပဲဆိုတော့ ပျော်ဖို့ကောင်းတာပေါ့… ခက်တာက တောင်ပေါ်လည်းရောက်ရော… အုပ်စုကလည်းတောင့် ၊ ဘုရားဖူးတွေကလည်းအရမ်းများနဲ့ တည်းဖို့နေရာအတွက် အခက်ကြုံပါရော… နောက်ဆုံးကျတော့ ရှာတော့တွေ့ပါရဲ့… ဘုန်းကြီးကျောင်းက အခုမှဆောက်လက်စကြီး… ကျန်တဲ့တည်းခိုခန်းတွေကလည်း အကုန်လုံးလူတွေကအပြည့်နဲ့ဖြစ်နေပါတယ်… ဒီတော့ အဲဒီ့ဘုန်းကြီးကျောင်းမှာ တည်းရင်တည်း ၊ မတည်းလို့ကတော့ ရင်ပြင်တော်မှာပဲ ဒီအတိုင်းကွေးရတော့မယ့် ဒီဇိုင်းပေါ့… ရွေးစရာလည်းမရှိတော့ နောက်ဆုံးအဲဒီ့မှာပဲ သောင်တင်ရောဆိုပါတော့… ဘုန်းကြီးကျောင်းကလည်း ဆောက်လက်စဆိုတဲ့အတိုင်း အင်္ဂတေတောင် မကိုင်ရသေးပါဘူး… ကြမ်းပြင်မှာလည်း ဘိလပ်မြေအမှုန့်တွေ ပွကျဲလို့… အဲဒီ့အပေါ်မှာ အကွက်ကျဲကျဲနဲ့ ဖျာကြမ်းတချပ်ပဲ ခင်းထားတာပါ… ရောက်စကတော့ ဘယ်သတိထားမိမလဲနော်… ညရောက်လို့ အိပ်မယ်ဆိုတော့မှ ဒုက္ခနဲ့ လှလှတွေ့တော့တာပဲ… လေတွေတရဟောတိုက်ပါတယ်ဆိုမှ ခေါင်မိုးကလည်း ဟောင်းလောင်းပေါက်… စောင်တွေဘာတွေကလည်း ဒီလောက်ထိမထင်ထားတော့ အလုံအလောက်ဘယ်ပါပါ့မလဲ… ကဗျာတော့ဆန်သား… လှဲနေရင်းမော့ကြည့်လိုက်ရင် ကြယ်လေးတွေက တဖျတ်ဖျတ်နဲ့… ဒါပေမဲ့ အဲ့ဒီ့အချိန်မှာ ကဗျာဆန်တာတွေ ဘာတွေ အသာထား… ဘာဖြစ်ဖြစ်မခံစားနိုင်ပါဘူး… သွေးခဲအောင်အေးတယ် ၊ အရိုးကွဲအောင်အေးတယ် ၊ မေးရိုက်အောင်အေးတယ် ဆိုတာ ဒါမျိုးပဲနေမှာလို့တောင် စဉ်းစားမိတယ်… ကားစီးလာရတာရော ခရီးပန်းတာတွေရောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသင့်ပေမဲ့… ကျမ မှေးခနဲ အိပ်ပျော်သွားရင် အလွန်ဆုံးနာရီဝက်ပဲ… ပြန်နိုးလာပြီး ချမ်းစိမ့်တက်လာလိုက်တာ ဘယ်နားကဘယ်လိုအေးမှန်း မသိကိုအေးတယ်… ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးကျတော့ ငုတ်တုတ်ထိုင်ပြီး ကိုယ့်ဒူးကိုယ်ပြန်ဖက်ထားရတယ်… အခန်းထဲမှာက မိန်းကလေးတွေစုအိပ်ကြတာ ကျမအဒေါ်အပါအ၀င် ခြောက်ယောက်လောက်ရှိပါတယ်… ထိုင်နေရင်းနဲ့ ဘေးဘီကိုကြည့်မိတော့ အော်… အကုန်လုံးအိပ်မောကျလို့… ကျမမှာသာ ခြေဖျားတွေပါအေးစက်လို့ ထုံကျင်ကျင်ကြီးတောင် ဖြစ်လာသလိုပဲ… ကျမတယောက်ထဲ အချမ်းပိုပြီး အိပ်မပျော်နိုင်ပဲ ငုတ်တုတ်ဖြစ်နေတာ… ကျမအဒေါ်မဟုတ်တဲ့ နောက်အန်တီကြီးတယောက်ဆိုရင် ဟောက်လိုက်တာမှ အသံကြီးကိုဟိန်းလို့… တိတ်ဆိတ်ပြီး မေးရိုက်အောင် ချမ်းနေတဲ့ ညသန်းခေါင်မှာ မနာလိုဖြစ်ချင်စရာကောင်းလောက်အောင် ဟိန်းနေတဲ့ ဟောက်သံကြီးရယ် ၊ ဘယ်လောက်ပဲလှလှ မခံစားပေးနိုင်ခဲ့တဲ့ ကောင်းကင်ကျယ်ကြီးရဲ့အောက်မှာ ကျမတယောက်တော့ ငုတ်တုတ်ထိုင်နေရင်းနဲ့ မနက်လင်းခဲ့ရတယ်…
အရုဏ်တက်ပြီး နေစထွက်တဲ့ အချိန်ကျမှ နဲနဲနွေးသွားပြီး ကျမအိပ်မောကျသွားတော့တယ်… နောက်တနေ့ကျတော့မှ တည်းခိုခန်းတခုက အခန်းလွတ်လို့ အဲဒီ့ကို ပြောင်းရတယ်… ပထမဆုံး ညတုံးကလောက်တော့ မခံစားရတော့ဘူးပေါ့လေ…
အခုစာရေးနေရင်းနဲ့ ပြန်စဉ်းစားကြည့်တော့ကျ အဲဒီ့တုံးက ချမ်းခဲ့တာ ပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေသလိုပဲ… သောက်လက်စ juice ခွက်နဲ့ ယပ်တောင်ကိုတလှည့်စီ ကြည့်ပြီး ရေးရင်းနဲ့ ပြုံးစိစိတောင် ဖြစ်မိပါတယ်…။

No comments:
Post a Comment