Thursday, 18 October 2007

စမ်းသပ်နေပါသည်... တစ်၊နှစ်၊သုံး (၃)

"ဂွီ…ဂေါ်"

"မင်္ဂလာပါရှင်… LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့် ဌာနမှ အသံလွှင့်ဘို့ အချိန်ကျရောက်လို့ လာပြန်ပါပြီရှင်… ခုပြည်တွင်းသတင်းများကို ကြေငြာပါတော့မယ်ရှင်… သတင်းကြေငြာသူအဖြစ် ကျမ မအလိမ်အညာ နဲ့ ကိုရှက်ကြောပြတ်တို့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်… မင်္ဂလာပါ ကိုရှက်ကြောပြတ်ရေ"

"ဟုတ်ကဲ့ မင်္ဂလာပါ မအလိမ်အညာရေ… ခုပထမဆုံး ရရှိတဲ့ သတင်းလေးကို ဖတ်ပြပါဦးခင်ဗျာ"

"သတင်းခေါင်းစဉ် အကျဉ်း… မဆိုသလောက်လေး … သတင်းအစုံအလင်မှာ ထိန်းမနိုင်သိမ်းမရလောက်အောင်ကို အကြမ်းဖက်ဆန္ဒပြ ဆိုးသွမ်းသောင်းကျန်းနေသော သံဃာတော်တပါးအား ဘဘဗိုလ်ချုပ်ကြီးများ၏ အာဘော်အရ အကြမ်းမဖက်ပဲ တတ်နိုင်သမျှ အနုနည်းသုံး၍ ဖမ်းဆီးလိုက်ရပါတယ်… သို့ပေမဲ့ ပြန်လည်အကြမ်းဖက်တိုက်ခိုက်သည့်အတွက် မဆိုသလောက်လေး ဆုံးမလိုက်ရာ ခေါင်းလေး သွေးခြည်ဥရုံ မှလွဲ၍ အခြားမည်သည့်ဒဏ်ရာမှ ပြင်းပြင်းထန်ထန်မရရှိကြောင်း သတင်းရရှိပါတယ်ရှင်… "

"နောက်သတင်းတပုဒ်ကတော့ ဗုံးရှာဖွေတွေ့ရှိခြင်း…ပါ… သတင်းအစုံအလင်ကတော့ ဘုန်းကြီးကျောင်းတကျောင်း၌ အမေရိကန်နိုင်ငံလုပ် ဗုံးတလုံးရှိသည်ဟု သတင်းရရှိသောကြောင့် ပြည်သူလူထု၏ လုံခြုံရေးအရ ၀င်ရောက်ရှာဖွေခဲ့ရာ အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့ပါတယ်… သို့ပေမဲ့ ဘုန်းကြီးကျောင်းရေတွင်း၌ အသုံးပြုနေသော ရေဗုံးဖြစ်နေသဖြင့် တပ်ခေါက်၍ပြန်ခဲ့ကြရကြောင်းပါတဲ့… ပြည်သူတွေ ကြောက်နေမှာစိုးလို့တဲ့ခင်ဗျာ စေတနာတွေ စေတနာတွေ အဟတ်ဟတ်…"

"ဟုတ်ကဲ့ပါရှင်… ထပ်မံရရှိတဲ့ သတင်းတွေအရ အခြားဘုန်းကြီးကျောင်းများကိုလည်း ၀င်ရောက်ရှာဖွေကြည့်ရာတွင် မသင်္ကာစရာကောင်းသော ဘုရားဆင်းတုတော်တခုအား ပြည်သူများလုံခြုံရေးအတွက် ချိုးဖဲ့ရှာဖွေကြည့်ခဲ့ရပါတယ်ရှင်… ထိုဆင်းတုတော်မှာ မသိမသာလေး ဦးခေါင်းတော်မှ ကျိုးသွားခဲ့ကြောင်းသတင်းရရှိပါတယ်… ဤသတင်းကို မနာလိုသူများမှ ပုံကြီးချဲ့လာမည်ကို ကြိုသိသောကြောင့် အမှန်သိစေခြင်းငှာ ပြည်သူအပေါင်းအား သတိပေးလိုက်ရပါတယ်ရှင်…"

"ဟုတ်ကဲ့ခင်ဗျာ… ဆက်လက်ရရှိတဲ့ သတင်းအရ မြို့လယ်ခေါင်တနေရာ၌ အကြမ်းဖက်ဆူပူသွေးထိုးလှုံ့ဆော်… အဲ ဘာကျန်သေးလဲ… အော်.. ရမ်းကားသောင်းကျန်းသူ လူငယ် ၁၁ဦးအား ဒိုင်း၊ နံပါတ်ဒုတ်၊ ဘဲဥများဆောင်းသော ဦးထုပ်အမာစားဆောင်းထားရသော အားကိုးရာမဲ့ လုံထိန်းများက ၀င်ရောက်လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရပါတယ်… ထိုသို့ဖမ်းဆီးရာ၌ လက်နက်ရော လူအင်အားပါ မမျှသောကြောင့် သနားစဖွယ် လုံထိန်း၅ဦးဒဏ်ရာ ရရှိသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ… (အဟင့် ရွှတ်ဖတ်..) ထိုဖမ်းဆီးမိသူများအား ရှာဖွေရာတွင် အလွန်အန္တရာယ်ကြီးသော သင်္ကြန်ရေပြွတ်သေနတ် ၂လက်အပြင် ရေမထည့်ရသေးသောရေဘူဘောင်းအခွံလွတ်များကိုပါ တွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်းပါ ခင်ဗျာ…"

"ဒီနေ့တော့ ဒီမျှပါပဲရှင်… ပြည်သူလူထုများအား အထူးသတိပေးချက်…

ကမ္ဘာတလွှား မုသားဝါဒါး ဟီးဟီးဟားဟားမှအပ အခြားဌာနများ

လေလှိုင်းပေါ်က စူဇကာပုဏ္ဍား နားထောင်သူများ သတိထား…

ကျမ မအလိမ်အညာပါရှင် … ဟီးဟီးဟားဟားကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်…."

"ဟုတ်ကဲ့ ကျနော် ကိုရှက်ကြောပြတ်ပါ… LA ခေါ် လပွတ္တာအလယ်ပိုင်းမှ အသံလွှင့်နေပါတယ်ခင်ဗျာ… နားဆင်သူမိဘပြည်သူအပေါင်း ဘဘဗိုလ်ချုပ်ကြီးများ၏ စေတနာကို အမှန်အတိုင်းနားလည်ပြီး ပျော်ရွှင်ချမ်းမြေ့နေကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ… အဟတ်ဟတ်… ဟီးဟီးဟားဟားကို နားဆင်တဲ့ အတွက်ကျေးဇူးတင်ပါတယ်…"

"ဂွီ…ဂေါ်"

3 comments:

Helena said...

ဘာရေးရမှန်းမသိချိန်မှာ အကြံဥာဏ်ပေးခဲ့တဲ့ဒေါ်လေးကို ကျေးဇူးတင်ပါတယ်။

tayzar said...

ဟေး ဒေါ်လေး ဒီပို့စ် တကယ်ရီရတယ်။ ဆက်ရေးပါဦး ရေဒီယိုသတင်းတွေ နောက်ဆို ဒေါ်လေးကိုယ်တိုင် အသံသွင်းပြီး အဲဒီလို ဟာသ ရေဒီယို music blog လေးလုပ်ပါလား။ လိုအပ်ရင် တားပါ ပရဲစင်တာလုပ်ပေးမယ်။

Helena said...

တော်ပါပြီတားတားရယ် :P