Sunday, 14 October 2007

စမ်းသပ်နေပါသည် တစ်၊ နှစ်၊ သုံး (၂)


"ဂွီ…ဂေါ်"

"မင်္ဂလာပါရှင်… LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟားအသံလွှင့်ဌာနမှ အသံလွှင့်ဖို့ အချိန်ကျရောက်လို့ လာပြန်ပါပြီ… ဒီကနေ့ တင်ဆက်ပေးမဲ့ အစီအစဉ်လေးကတော့ လှဘို့ပဘို့ အစွမ်းကုန်ကိုပြင်ကြစို့ ဆိုတဲ့ အစီအစဉ်လေးပါ… တင်ဆက်သူအဖြစ် အလှပါရဂူ ကျမ မလှအိုးကွဲ နဲ့ ကိုချောနိုင်လွန်း တို့မှတင်ဆက်ပေးသွားမှာပါရှင်… ကဲ ကိုချောနိုင်လွန်းရေ နားဆင်သူများကို နှုတ်ဆက်ပါဦး"

"ဟုတ်ကဲ့ ကျနော် ကိုချောနိုင်လွန်းပါ… အလှအပနဲ့ ပတ်သတ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို ပြန်လည်ဖြေကြားပေးသွားမှာပါ ခင်ဗျာ"

"ဟုတ်ပါတယ်ရှင်… ကျမတို့အနေနဲ့ကလည်း ဟို brandကို setလိုက်သုံးပါ… ဒီ brandဆို ကောင်းမှကောင်းဆိုတဲ့ သိန်းချီတန်အကြံဥာဏ်တွေပေးမှာ မဟုတ်ပါဘူးနော်… တတ်နိုင်သမျှ အကုန်အကျသက်သာစေမဲ့ နည်းလမ်းလေးတွေကို ရှာရှာဖွေဖွေတင်ဆက်ပေးသွားမှာပါ… ကဲ စလိုက်ကြရအောင် ကိုချောနိုင်လွန်းရေ ရယ်ဒီပဲလား"

"ဟုတ်ကဲ့ခင်ဗျာ… ပထမဆုံးဖြေကြားပေးရမဲ့ စာရဲ့ခေါင်းစဉ်လေးက မြန်မြန်အဖြေပေးပါ တဲ့ မလှအိုးကွဲရေ… ရေးတဲ့သူကတော့ ညောင်ဦးကဒေါင်ပြူး ပါခင်ဗျ… သူရေးထားတာက မမလှအိုးကွဲရေတဲ့ ညီမက ညောင်ဦးမြို့က ခေတ်ဆန်ဆန်ကောင်မလေးတယောက်ပါတဲ့… စကတ်တိုလေးတွေ ၀တ်ချင်ပေမဲ့ ခြေသလုံးမွှေးများနေလို့ပါတဲ့… ရိတ်ပစ်လိုက်ရင်လည်း ပိုဆိုးသွားမှာဆိုးတယ်… သူများတွေလို ဒူးပြောင်ပြောင်လေးကို သဘောကျလို့ ကူညီပါဦးနော်တဲ့… ဖြစ်နိုင်ရင် မြန်မြန်ဖြေကြားပေးစေလိုပါတယ်… သီတင်းကျွတ်လို့ မြို့မှာ ကာရာအိုကေပွဲလုပ်ရင် စကတ်တိုလေးနဲ့ တက်ဟဲချင်လို့ပါတဲ့ခင်ဗျာ… ကဲ မလှအိုးကွဲ ဖြေကြားပေးပါဦး"

"ဟုတ်ကဲ့ရှင်… ညောင်ဦးက ဒေါင်ပြူးလေးလိုပဲ အခက်ကြုံနေကြမဲ့ ညီမငယ်လေးတွေအတွက် မမငယ်စဉ်ထဲက ခုထိအသုံးပြုနေတဲ့ လျှို့ဝှက်နည်းလေးကို ဝေမျှလိုက်ပါတယ်ကွယ်… သူများတွေဖြေနေကျ အရောင်ချွတ်ဆေးတို့ အမွှေးကျွတ်ဆေးတို့ လုံးဝမဟုတ်ဘူးနော်… အသစ်… အသစ်… အဟတ်ဟတ်… လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဘုံကျောင်းကော်တထုပ်၊ စယ်လိုတိပ်အကြည်ရောင်တခုနဲ့ အ၀တ်တခုထဲပါ… အဆင်သင့်ဖြစ်ပြီဆိုရင် ဘုံကျောင်းကော်ကို ခြေထောက်အနှံ့ ခပ်ထူထူလေးသုတ်ပြီး ၁၀မိနစ်လောက်အခြောက်ခံထားရပါမယ်… ပြီးရင် စယ်လိုတိပ်ကို ခြေထောက်မှာတရစ်ချင်းစီပတ်… အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ခုနကအ၀တ်ကို ပါးစပ်မှာကိုက်… ပြီးတာနဲ့ ဆတ်ခနဲ ဆတ်ခနဲသာဆွဲခွာလိုက်ပါနော်… ကဲ ကျန်နေသေးလား အမြင်ကတ်စရာ ခြေသလုံးမွှေးတွေ… ဒါ မမလှအိုးကွဲ ကိုယ်တိုင်ရှာဖွေတွေ့ထားတဲ့နည်းလေးပေါ့ကွယ်… သူကအနောက်နိုင်ငံတွေမှာ waxကိုအသုံးပြုပြီး သန့်စင်တဲ့နည်းကို မမလှအိုးကွဲက မြန်မာမှုပြန်ပြုထားတာလေ… ပထမတခါ နှစ်ခါလောက်မှာ အသည်းခိုက်အောင်နာတာကလွဲလို့ တော်တော်ကောင်းတဲ့နည်းလေးပါကွယ်… အဟတ်ဟတ်"

"ဟုတ်တယ်နော် မလှအိုးကွဲရေ… ကျနော်တို့လို ယောက်ျားလေးတွေလည်း မုတ်ဆိတ်ကိုရိတ်မဲ့အစား အသုံးပြုနိုင်တဲ့နည်းလမ်းကောင်းလေးပဲ… ကျေးဇူးတင်ပါတယ်ခင်ဗျာ"

"ဟုတ်ကဲ့ရှင်… နောက်တစောင်ကို ရေးသားမေးမြန်းသူက ယောက်ျားလေးဆိုတော့ ကိုချောနိုင်လွန်းက ဖြေကြားပေးပါနော်…"

"ဖတ်ပြပါဦး မလှအိုးကွဲရေ"

"ခေါင်းစဉ်ကတော့ ဘယ်သူကယ်လို့ လှပါတော့နိုင် တဲ့ရှင်… စာရဲ့ပိုင်ရှင်ကတော့ ကိုညိုချောပါရှင်… ရေးသားထားတာကတော့ ကိုချောနိုင်လွန်းရေ ကျနော်ဟာ နံမည်နဲ့လိုက်အောင် ညိုပြီးချောသူတယောက်ပါ… ဒါနဲ့များ ဘာလို့စာရေးပြီးမေးသေးလဲလို့ အထင်မလွဲလိုက်ပါနဲ့ဦးတဲ့… ကျနော်ဟာ လာမယ့်သုံးလေးရက် အတွင်းမှာ ကျနော်ကြိတ်ပြီးပိုးခဲ့ရတဲ့ ကောင်မလေးကို ချစ်ခွင့်ဆိုဖို့ စီစဉ်ထားပြီးပါပြီခင်ဗျာတဲ့… ခက်တာက ခုရက်ပိုင်းအတွင်းမှ အငန်တွေလည်း ပိုစားမိ၊ အိပ်ရေးတွေလည်းပျက်နဲ့ မျက်နှာမှာ ၀က်ခြံတွေ မြင်မကောင်းအောင် အပြည့်ပေါက်လာတော့ပါပဲတဲ့… ပျောက်ချင်ဇောနဲ့ ကုတ်မိဖဲ့မိတော့ အနာမကျက်ပဲ ပိုဆိုးကုန်ပါပြီ… ဒီမျက်နှာကြီးနဲ့လည်း မသွားချင်ဘူး… ချိန်းပြီးသားလည်း မဖျက်လိုက်ချင်ဘူး… ဒီတော့ အဆင်ပြေမယ့် နည်းလေးပေးပါခင်ဗျာတဲ့… ကျနော် အကုန်လိုက်နာ ဆောင်ရွက်ပါ့မယ်တဲ့ ကိုချောနိုင်လွန်းရေ"

"အော် ပြဿနာက ဒီလိုလား မလှအိုးကွဲရေ… ဒီစာလေးမှာ ထူးခြားချက်က အလှအပရေးရာမှာ အချစ်ရေးပါ တွဲပါနေတာတွေ့ရတယ်ခင်ဗျ… ဒါကြောင့် ကိုညိုချောကို ကျနော့်ရဲ့ လူမသိသေးတဲ့ နည်းလေးပေးလိုက်ချင်ပါတယ်… ဟိုးလွန်ခဲ့တဲ့ တနှစ်လောက်တုံးက ကျနော်ဖြေရှင်းပေးလိုက်တဲ့ ကိစ္စနဲ့ဆင်တူယိုးမှားပါပဲ… ဟိုနိုင်ငံရှော် အဆိုတော် သူမတူဇော်စိမ်း ကိုသိတယ်မဟုတ်လား မလှအိုးကွဲရေ"

"ဟုတ်ကဲ့ရှင် ဆက်ပြောပါဦး"

"သူ့တုန်းကဆိုရင် စတိတ်ရှိုးပွဲနီးမှ ၀က်ခြံတွေကထွက်၊ သူများသီချင်းဟောင်းတွေကို စင်ပေါ်မှာ ဂိုက်ပေးအကြမ်းစားနဲ့လည်း ဆိုချင် ဆိုတော့ ကျနော့်ကိုလာတိုင်ပင်တယ်… ဘယ်လိုအဆန်းထွင်ရင်ကောင်းမလဲလို့ပေါ့ဗျာ… ကျနော်ကလည်း ရုတ်တရက်ဆိုတော့ ဘုရားပွဲမှာရောင်းတဲ့ မျက်နှာဖုံးစွပ်ပြီးဆိုပါ့လားလို့ စိတ်ထဲရှိရာ နောက်ပြီးဖြေလိုက်မိတယ်ခင်ဗျ… ဒီအကြံကို သူအခိုက်ကြီးခိုက်ပြီး မျက်နှာဖုံးတွေတပ်ပြီး ဆိုခဲ့တာ ခုထိပဲလေဗျာ… ကဲ ဒီတော့ ကိုညိုချောကို အကြံပေးချင်တာက အနီးအနားက ဘုရားပွဲတခုကို အမြန်ပြေး… သင့်တော်မယ်ထင်တဲ့ မျက်နှာဖုံးတခုကို ၀ယ်ပြီးသာ ချစ်ခွင့်သွားပန်ပေတော့လို့… ဒါ ၂၀၀၇ ခုနှစ်ရဲ့ နောက်ဆုံးပေါ် ချစ်ခွင့်ပန်နည်းပေါ့ဗျာ… မချစ်မယ်နော်တို့ စကားနဲ့ဆိုရင် "အရမ်းရိုမန်တစ်ဆန်တာပဲ" ဆိုပြီးကြွေသွားစေရမယ်… မျက်နှာဖုံးရွေးရာမှာ သတိထားရမှာလေးတွေတော့ ရှိတယ်… တခါတုံးက သူမတူဇော်စိမ်းဆိုရင် ကြောင်ရုပ်တပ်မိတော့ ကြောင်သရုပ်ပေါ်အောင် စင်ပေါ်လေးဖက်ထောက်တက်ပြီး ညှောင် လို့တောင်အော်ပြသွားသေးတယ်… ကိုညိုချောအတွက် ဥပမာဗျာ… ၀ူခုန်းရုပ်ဆိုပါတော့… ၀ူခုန်းရုပ်တပ်သွားမယ်ဆိုရင် ဖျတ်လတ်ပေါ့ပါးပြီး လိုတာမှန်သမျှ အကုန်ဖြည့်စွမ်းပေးပါမယ် ဆိုတဲ့သဘော၊ ပါဝါရိန်းဂျားရုပ်ဆိုရင်တော့ ဖြောင့်မတ်ပြီး ကူညီတတ်တဲ့သဘော စသည်ဖြင့် အဆင်ပြေရာ ရွေးချယ်ဝယ်ယူနိုင်ပါစေခင်ဗျာ… မျက်နှာဖုံးကိစ္စပြီးတော့ ဖက်ရှင်ကိစ္စရှိလာပြန်ရောခင်ဗျ… ၀ူခုန်းရုပ်တပ်ပြီး အောက်ကရှပ်အင်္ကျီနဲ့ပုဆိုး ဆိုလည်းမဖြစ်ချေဘူး… မျောက်ဆိုတာ တကိုယ်လုံးအမွှေးနဲ့ ဆိုတော့ကာ… ဒီဇိုင်းအရ ၀ူခုန်းမျက်နှာဖုံးနဲ့ သားမွှေးလောင်းကုတ်ဟာ အလိုက်ဖက်ဆုံးပဲ… ပါဝါရိန်းဂျားရုပ်ရွေးမယ်ဆိုရင်တော့ အထက်အောက် အရောင်ခပ်တောက်တောက် အလက်စတစ် (elastic) ၀တ်စုံနဲ့မှ သင့်တော်မှာပါခင်ဗျာ… တခုသတိပေးလိုတာက ၀ူခုန်းရုပ်ရွေးဖြစ်တယ်ဆိုရင် မျောက်လိုတော့ လက်မဆော့တတ်ကြောင်းကို မသိမသာလေးတော့ ထည့်ပြောဖို့တော့လိုမယ်နော့… ဟဲဟဲ"

"သိပ်ကောင်းတဲ့ အကြံဥာဏ်လေးပဲ ကိုချောနိုင်လွန်းရေ.. ဒီနေ့တော့ ဒီမျှပါပဲရှင်… စာရေးဆက်သွယ်လာသူအပေါင်နဲ့ နားဆင်သူအပေါင်း ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်… စာရေးဆက်သွယ်ချင်တယ်ဆိုရင် အမှတ် (၁၅၀၀) ၊သံယောဇဉ်လမ်း ၊ ရင်ခုန်သံရပ်ကွက် ၊ အချစ်မြို့ ကိုပဲလိပ်မူပြီး ရေးသားပေးပို့နိုင်ပါတယ်ရှင်… emailနဲ့ ဆိုရင်တော့ beautyprofessor@QQmail.net.la ပါရှင်… ကျမ မလှအိုးကွဲပါ… ဟီးဟီးဟားဟားကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"နားဆင်သူအပေါင်းကို ကြားဖြတ်သတိပေးလိုပါတယ်ခင်ဗျာ… ကမ္ဘာတလွှား မုသားဝါဒါး ဟီးဟီးဟားဟားမှအပ အခြားဌာနများ လေလှိုင်းပေါ်မှ စူဇကာပုဏ္ဏား နားဆင်သူများ သတိထား ဟုတ်ကဲ့ခင်ဗျာ ကျနော်ကိုချောနိုင်လွန်းပါ… LAခေါ် လပွတ္တာအလယ်ပိုင်းမှ အသံလွှင့်နေပါတယ်… နားဆင်သူအပေါင်း စက်ဆီနဲ့ရေညှိ နှစ်ခုပေါင်းပြီး ဘရိတ်မမိနိုင်တော့လောက်အောင်ကို ချောနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ… ဟီးဟီးဟားဟားကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဂွီ…ဂေါ်"

7 comments:

ကလိုစေးထူး said...

ရယ်စရာလေးတွေ လာဖတ်သွားပါတယ်။ အကြံတခုပေးကြည့်မယ်။ စာတွေကို အဆင်ပြေသလို အပိုဒ်လေးတွေ ခွဲကြည့်ရင် ဖတ်ရတာ ပိုကောင်းမယ်ထင်တယ်နော်။ အချိန်ရတိုင်း လာဖတ်ပါအုံးမယ်။

Helena said...
This comment has been removed by the author.
Helena said...

ဟုတ် ကျေးဇူးပါ။ အကြံပေးတာလဲ ကျေးဇူးပါရှင့်

su wai said...

သီရိဆီကို လာရင် အသက်ပိုရှည်မှာ သေချာတယ်။ ရီရလို့။ `သူမတူဇော်စိမ်း´ တို့၊ `နန်းပုဘ၀င်အိုး´ တို့ ပေးလဲပေးတတ်ပါတယ်။ သူများကို ရီရအောင် ရေးတတ်ဖို့က တကယ်မလွယ်ဘူးနော်။

ထွန်း said...

Ya. Westerners do not like the hair at foot. Do u know it is painful to remove with plaster. Our burmese never shave nor remove hair. The more you shave the more it will thicker, stronger, darker...

tayzar said...

လုပ်ပါဦးဗျို့ ။ ရေဒီယို အစီ အစဉ်သစ်တွေ။ ဇာတ်လမ်းမပါ နားဆင်စရာတွေ လုပ်ပါဦး။ =P

Winkabar said...

လာဖတ်သွားပါတယ်။ နောက်လည်းရေးပါဦး။
ရယ်ရတယ်။
စာတွေမှားရေးမိတာတောင်းပန်ပါတယ်အစ်မရယ်။
အားနာလိုက်တာ။ နောက်မဖြစ်စေရပါဘူး။