အလုပ်ကနေ ခွင့်ယူတာရော ပိတ်တဲ့ရက်တွေရော အကုန်စုပြီး သုံးရက်လောက် အနားရပေမဲ့ စာလည်းမရေးဖြစ်ဘဲ အပျင်းထူနေမိတယ်…ဆရာကြီးဦးဖေသိန်းရဲ့ ကာတွန်းစာအုပ် အထူကြီးကိုပဲ ပျင်းပျင်းနဲ့ ထိုင်ဖတ်ပစ်လိုက်တာ ဖတ်လည်းပြီးရော ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ပြန်ရော… အခန်းထဲက အသာနားစွင့်ကြည့်တော့ အိမ်ရှေ့မှာက ကိုရီးယားဇာတ်လမ်း အားပေးနေကြတာ အသံကိုတိတ်လို့…ဒါနဲ့ အိမ်ရှေ့ထွက်လာပြီး ကြည့်မယ်ကြံကာရှိသေး…လာပါလေပြီ ကြော်ငြာ…အို ကြော်ငြာနည်းမျိုးစုံတို့နဲ့ ကြော်ကြော်ပြီးညာလိုက်ကျတာ…ခေါင်းလျှော်ရည်ကို ခေါင်းလျှော်ရည်မှန်း မရိပ်မိအောင် လှည့်ကွက်တွေသုံးပြီးရိုက်တတ်တာလည်း ပညာပဲ…ဆံပင်မပြဘဲ ဟိုဘက်ကြီးပဲ လှည့်လှည့်ပြနေတာ ဘာသဘောမှန်းမသိ…အဲ့သလောက် အနုပညာမျက်စိမရှိတဲ့ သူပါလားဟု ဆိုကလည်းခံရုံသာ…ဟီးဟီး…တော်တော်ဘ၀င်မကျတဲ့ ကြော်ငြာကတော့ မာမား အုန်းနို့ခေါက်ဆွဲ ကြော်ငြာပါ…ဦးအောင်လွင်၊ မင်းမော်ကွန်း နှင့် အိန္ဒြာကျော်ဇင်တို့ အိမ်မှာ အလှူလုပ်တာကို ဧည့်သည်တွေက လာစားတယ်ပေါ့…ကျွေးတာက အုန်းနို့ခေါက်ဆွဲပါ…ဧည့်သည်တွေ ဘယ်လောက်တီးလိုက်တယ် မပြောတတ်…မုန့်ဖတ်ရော ဟင်းရည်ရော ကုန်သွားတယ်ပေါ့…ဧည့်သည်တွေ လိုက်ပွဲဆွဲမယ်လည်း ဆိုရော အားလုံးပြောင်ပြီ…မုန့်ဖတ်နဲ့ ဟင်းရည်သွားဝယ်တဲ့ လူနှစ်ယောက်ကလည်း လမ်းမှာ ဒုက္ခနဲ့ လှလှတွေ့ပြီး ချော်လဲကျတာ နှစ်ယောက်စလုံး…ဒီတော့ အလှူအိမ်က လူတွေလည်း ဧည့်သည်တွေကို အားနာတာပေါ့လေ… ခဏလေးနော် လာတော့မှာပါ ဆိုပြီးမျက်နှာငယ်လေးတွေနဲ့…ဧည့်သည်တွေကလည်း အလိုက်သိရှာပါတယ်…ထိုင်စောင့်ရှာတယ်…တယောက်နဲ့ တယောက် မျက်စတွေပစ် မေးတွေငေါ့ပြီးတော့ ဘယ်မလဲ လိုက်ပွဲဆိုတဲ့သဘောနဲ့ပေါ့နော်…ဟီးဟီး…"လိုက်ပွဲမစားရလို့ကတော့နော် ဆောရီးပဲ…ပြန်မယ်မထင်နဲ့…" "လိုက်ပွဲမတီးရလို့ကတော့ ရပ်ကွက်ထဲ အတင်းတုတ်ပစ်လိုက်မှာ" ဆိုတဲ့ ဒီဇိုင်းနဲ့ အချင်းချင်း မျက်စတွေပစ်ကောင်းတုန်း…အဲဒီ့အချိန်မှာ ကလေးလေးတယောက်က ဦးအောင်လွင်အနားကပ်ပြီး အကြံပေးတယ်ဆိုတဲ့ပုံနဲ့ နား နားမှာ တိုးတိုးကပ်ပြောတယ်…နောက်ဆုံးတော့ မာမီးအုန်းနို့ခေါက်ဆွဲထုပ်နဲ့မှပဲ အဆင်ပြေသွားတော့သည်ပေါ့…ဒီတော့မှ မင်းမော်ကွန်းခမျာ စိတ်အေးသွားပြီး မာမားအုန်းနို့ခေါက်….ဆွဲ ဟုဆိုကာ ဘေးနားက သူ့ထက်ကြီးတဲ့ လူရွှင်တော့်ခေါင်းကိုခေါက်လည်းခေါက် ဆံပင်ကိုလည်းဆွဲလို့… ခေါက်ဆွဲတဲ့… အခေါက်ခံ အဆွဲခံရတဲ့လူကလည်း မျက်နှာကြီးကို ဖြီးလို့…ဒါနဲ့နေပါအုံး… သူ့ဘေးက အိန္ဒြာကျော်ဇင်ကျ ခေါက်ပြီးမဆွဲပြဘူး… ဟီးဟီး…
တကယ့်တကယ်တော့ သူ့ဟာသူ ခေါက်ပြီးဆွဲရုံမကလို့ ဆွဲပဲခေါက်ခေါက် သူနဲ့ဆိုင်တာကျလို့ ဟုအပစ်တင်မယ်ဆိုပါက… ခေါင်းစဉ်ကိုက ဘ၀င်မကျခြင်းပါဆို(အစထဲက ကာဗာယူပြီးသား…အဟိ)
စိတ်ကူးနဲ့ စာစီနေလိုက်တာ ကိုရီးယားကား ပြီးလို့ ပြည်တွင်းသတင်းရှေ့ပြေး ဆိုင်းသံကြားတော့ တီဗွီလေး အသာထပိတ်လို့ ပုရွက်ဆိတ်ကြီးများရဲ့ သီချင်းစာသားတကြောင်း တိုးတိုးလေး ရေရွတ်မိတယ်…
"အော် ကောင်းလေစွ…အကုန်ပြည်ဖုံးကားချ အော်…ကောင်းလေစွ"

No comments:
Post a Comment