အငြှိုးတကြီးနဲ့ ရက်ရက်စက်စက်ရွာနေတဲ့ မိုးရေ…တိတ်သင့်ပြီထင်ရဲ့…တန်ဆေးလွန်ဘေးတဲ့ကွယ်… ကောင်းကင်ပြာဆိုတာလည်း အုံ့မှိုင်းနေလိုက်တာ စိတ်တွေတောင် ရောယောင်ပြီး ညို့တို့တို့ဖြစ်နေရပြီ…မင်းရဲ့အပေါင်းအဖော် လေပြင်းကလည်း မိုးသရုပ်ပေါ်အောင် တချက်တချက်ဝင်ပြီး ကျီစယ်လိုက်ရတာ… သူ့ကြောင့်ကိုယ့်အသိုက်ကို ပြန်မရောက်ရှာတဲ့ အိပ်တန်းတက်ငှက်ကလေးတွေ ဘယ်နှကောင်များ ရှိလိမ့်မလဲ… ခုလည်းရွာနေတာပါပဲလေ… ကြာကြာလှပေါ့… ဒါတောင်ဘာထပ်လိုချင်သေးလို့ မိုးခေါ်နေသေးတာလဲ ဖားကလေးတို့ရယ်…
တနေ့ကျတော့လည်း ကျမချစ်တဲ့ ဒီဇင်ဘာလည်း ရောက်လာရဦးမှာပါလေ… အဲဒီ့ အချိန်ထိ ကျမအိပ်မောကျနေချင်တယ်… 'greenday' ရဲ့ စက်တင်ဘာကုန်မှ ငါ့ကိုနှိုးလိုက်ပါ ဆိုတဲ့ သီချင်းလေးထဲကလိုပဲ ကျမကို ဒီဇင်ဘာရောက်မှပဲ နှိုးလိုက်ပါတော့… ခဏခဏရှိုက်နေရတဲ့ သက်ပြင်းတွေကြောင့် ကျမနွမ်းလျလွန်းလို့ပါ… မြူနှင်းငွေ့ပါးပါးလေးနဲ့ နေရောင်ခြည်နွေးနွေး အချိုးကျကျပေါင်းစပ်ပြီး လှပနေမယ့် ဒီဇင်ဘာမနက်ခင်း တခုကျမှပဲ နိုးထပါရစေတော့…

1 comment:
ဟင့်အင်း ရဘူး အခုပဲ နိုးလိုက်ပြီး))
Post a Comment