Sunday, 9 September 2007

နှစ်ချို့ကဗျာများ

အားလပ်ရက်မို့ စာအုပ်စင်ရှင်းရင်းနဲ့ ကျွန်မအဖေနဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ အတူတူ ပေါင်းပြီးထုတ်ဝေတဲ့ ကဗျာစာအုပ်လေး ရှာတွေ့ခဲ့တယ်…၁၉၇၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ… စာအုပ်နာမည်ကတော့ နွေသစ်ရွက် တဲ့…ကျွန်မအဖေ အပါအ၀င် သူငယ်ချင်း ငါးယောက်ရဲ့ အချစ်ကဗျာလေးတွေပါ…ဒီထဲကမှ ဦးမင်းလူရဲ့ ဈေး ဆိုတဲ့ ကဗျာလေးကို အရင်ဆုံး မျှဝေလိုက်ပါတယ်…

ဈေး

(က)

အချစ်တွေဘယ်ဈေးလဲ

ဒတ်ဆန်းတစီး

မများဘူးလား

ရာတန်တထပ် နောက်ဆုံးဈေးဘဲ

ကဗျာတပုဒ်နဲ့မရဘူးလားဗျာ

အိုရှင်…ဘာလို့ဒါလောက်ဈေးနှိမ်ရတာလဲ

ဒါရှားပါးပစ္စည်းရှင့်…သိရဲ့လား

(ခ)

မျက်ရည်တဂါလံ ဘယ်လောက်လဲ

ကဗျာဆယ်ပုဒ်

ငါးပုဒ်ထားပါ

ခုနစ်ပုဒ်ပေးပါ

ငါးပုဒ်ဘဲထားပါဗျာ

ကဲလေ…ယူသွား ဈေးဦးပေါက်မို့ လျှော့တာနော်

(ဂ)

အသဲနှလုံးမရှိဘူးလားရှင်

ကြပ်တင်ထားတာဘဲရှိတယ်

လတ်လတ်ဆတ်ဆတ်မှ လိုချင်တာ

နှလုံးသားကြပ်တင်လဲကောင်းပါတယ်ဗျာ

ကျမက…သံပုရာရည်နဲ့သုတ်စားချင်တာရှင့်

(ဃ)

သံယောဇဉ်တကိုက်လောက်လိုချင်တယ်

တကိုက်ထဲတော့ ဖြတ်မရောင်းနိုင်ပါဘူး

ဘယ်လောက်ယူရမှာလဲ

ငါးတောင်စယူပါလား

များနေမလားလို့

သံယောဇဉ်ဆိုတာ ရှည်မှကောင်းတာဗျ

အင်းလေ…ယူပါ့မယ်…၀မ်းဆက်ချုပ်ရမှာပေါ့

(င)

အိုးကလေးတွေကြည့်ရအောင်

ဘယ်ဟာပြရမလဲ ခင်ဗျာ…

ဟိုဘက်ကအိုးပါးပါးလေးတွေပြစမ်းပါ

အဲဒီ့အိုးတွေတော့မယူပါနဲ့ဗျာ…

စေတနာနဲ့ပြောတာပါ

မခိုင်ဘူး ကွဲလွယ်တတ်လွန်းလို့ပါ

ဘာအိုးတွေလဲဟင်

ဒေါသအိုးတွေပါ

(စ)

အမုန်းပွဲတော်အတွက်

အထူးလျှော့ဈေး

ဝေဒနာတပိသာဝယ်လျှင်

မျက်စောင်းတခု

လက်ဆောင်ပေးပါမည်

မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

1 comment:

peaceful said...

that nice poem that happen in everywhere among youth.