ခြေသံကို ခပ်ဖွဖွနင်းရင်း သူမတယောက်တည်း တိတ်တဆိတ် လျှောက်လှမ်းလာ၏။ အခန်းရှေ့ရောက်နေပါလျက်နဲ့ သော့မဖွင့်ပဲ ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် သူမ တွေဝေနေမိပြန်သည်။ ဖွင့်ဝင်သွားလိုက်ပြန်လျှင်လည်း သူမ အကြောက်ဆုံး အမှောင်ထုနှင့်ပဲ ရင်ဆိုင်တွေ့ရဦးမည်။ အတွေးတွေ ယောက်ယက်ခတ်လျက်… သော့ကို လေးပင်စွာ ဖွင့်လိုက်၏။
` ချောက် ´
တံခါးက အလိုက်သင့်ပွင့်သွားပြီး ဆီခမ်းနေသည့် ပတ္တာသံက ကျွီခနဲ ထွက်လာပြန်၏။ သူမ မုန်းတဲ့အထဲမှာ ဒီပျင်းရိပျင်းတွဲ တံခါးသံလည်း အပါအ၀င်ပင်။ ပြန်ပိတ်လိုက်တော့လည်း ဆွဲဆွဲငင်ငင် အော်မြည်ပြန်၏။
` ဟူးးး…. ´
သူမ သက်ပြင်းရှည်တချက်ချလိုက်မိသည်။ အထဲရောက်ပြန်တော့ ဘာမှ ထူးထူးခြားခြား ကြည့်စရာ မြင်ချင်စရာ မရှိမဲ့ အတူတူဆိုတဲ့ စိတ်နဲ့ မီးမဖွင့်တော့ပဲ အမှောင်ထဲ စမ်းတ၀ါးဝါး လှမ်းလျှောက်လာခဲ့လိုက်သည်။ သူမ မျှော်လင့်ခဲ့ဖူးပြီး ခုထိလည်း မျှော်လင့်ဆဲဖြစ်တဲ့ အိမ်အပြန်မှာ စောင့်ကြိုနေမယ့်သူဆိုတာ……. ။ ဆက်မတွေးချင်တော့….. ။
စမ်းတ၀ါးဝါးလျှောက်ရင်း သူမအခန်းထဲရောက်မှ မီးခလုတ်ကို စမ်းပြီးဖွင့်လိုက်တော့သည်။ ကုတင်ပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်တော့ တနေ့လုံး ပင်ပန်းခဲ့သမျှ နည်းနည်း သက်သာသွားသလိုတော့ ထင်ရ၏။ အခုလို သူမ ပင်ပင်ပန်းပန်း ပြန်လာရချိန်မျိုးမှာ အမြဲ ၀င်ချွဲလေ့ရှိခဲ့ဖူးတဲ့ မေမေ့ရင်ခွင်ကိုလွမ်းသည်။ အို… ဒါတွေလည်း ပြန်မတွေးချင်တော့။ လက်ရှိဘ၀မှာတော့ သူမ တယောက်တည်း အထီးကျန်နေခြင်းသာ အမှန်တရား ဖြစ်၏။ ရေချိုးလိုက်ရင် ငြီးငြူနေတဲ့ စိတ်တွေ သက်သာကောင်းရဲ့ ဆိုတဲ့အတွေးနဲ့ Bath-tub ကို ရေပူ ရေအေးမျှအောင် ဖြည့်ထားလိုက်သည်။ ရေမပြည့်ခင် ဘာမှ လုပ်ချင်စိတ်မရှိတာကြောင့် ကုတင်ပေါ်ပြန်လှဲနေမိ၏။
လူတိုင်း လူတိုင်းဟာ တနေ့တာလုံး ဘယ်လိုပဲ မဟုတ်မမှန်တာတွေ လုပ်ခဲ့လုပ်ခဲ့ ညအိပ်ရာဝင်ခါနီး စိတ်ငြိမ်နေတတ်ချိန်ကျ ကိုယ်လုပ်ခဲ့သမျှတွေကို တခါလောက်တော့ ပြန်တွေးရင်း ခြောက်ခြားတတ်ကြတယ်တဲ့။ ဒီခံစားချက်မျိုး သူမကောင်းကောင်းသိတာပေါ့။ ဒီနေ့ သူမ ဟန်ဆောင်ခဲ့ရတာတွေကို စိတ်ရောက်သွားပြန်၏။ အို.. သွားကြစမ်း… ။ ဒီအတွေးတွေ… ။ မလာကြနဲ့။ ဒါ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းပဲ။ ကိုယ့်စိတ်ခံစားမှု မဟုတ်ပဲ ဟန်ဆောင်နေရတာ ငါ့ဘ၀ပဲဟာ။ စိတ်တွေ ဂယောက်ဂယက်နဲ့ ဘာကို ဘ၀င် မကျဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တော့။ သတိတချက် ပြန်ဝင်လာလိုက်တော့ Bath-tub ထဲက ရေတွေ ပြည့်ပြီး အောက်ကို လျှံကျနေ၏။
ရေတွေ လျှံကျရလောက်အောင် အတွေးလွန်နေရကောင်းလားလို့ ဆူပူ အပစ်တင်မယ့်သူလည်းမရှိ။ ဆူပူ အပစ်တင်ခံရဖို့ ကံ ကုန်သွားပြီလားလို့ တွေးရင်း တစ်ကိုယ်တည်း သဘောကျမိပြန်၏။ ဟုတ်တယ်။ သူမရဲ့ စိတ်တိုစရာ၊ သဘောကျစရာနဲ့ ပျော်ရွှင်စရာ ကိစ္စတစ်ချို့မှာ မျှဝေခံစားပေးဖို့ လူတစ်ယောက် မရှိခဲ့တာ ကြာလှပေါ့။ ရေဘုံဘိုင်တွေ ပြန်ပိတ်ပြီး ရေထဲ အသာဝင်စိမ်နေလိုက်တော့သည်။ မျက်စိကို အသာမှိတ်လိုက်မိတော့ သူ့မျက်နှာကို သွားမြင်ယောင်မိ၏။ နှင်းတွေ တဖွဲဖွဲကျနေတဲ့ မနက်ခင်း တခုမှာ သူနဲ့ သူမ အတူတူ လက်တွဲလျှောက်ရင်း သူမတို့နှစ်ယောက်ရဲ့ ရှေ့ရေးတွေ တိုင်ပင်ခဲ့ကြဖူးသည်။ ဒီမျှော်လင့်ချက်တွေဟာ နောက်ဆုံးတော့လည်း နှင်းငွေ့တွေ နေရောင်အောက်မှာ ပျောက်ကွယ်သွားတတ် သလိုပဲေ၀၀ါးသွားကြပြန်သည်။ မှိတ်ထားတဲ့ မျက်စိထောင့်စွန်းမှ မျက်ရည်ကြည်တို့ တလိမ့်လိမ့်ကျပြီး ရေနဲ့ရောသွား၏။ မျက်ရည်ကျစေနိုင်လောက်တဲ့ ခံစားချက်မှာတော့ ရေတပေါက်တောင် မရောနှောပဲ အမှန်တကယ်ကို ခါးသီးနာကျင်လွန်းသည်။ လိမ်ညာပြီး ငိုယိုဖူးခဲ့တာ အကြိမ်ပေါင်းမနည်းပေမဲ့ ခံစားချက်ပါ ရောပါနေတော့ ရင်ဘတ်ထဲက ခပ်အောင့်အောင့်။
မျက်နှာမပေါ်နိုင်တော့သည် အထိ ရေထဲမှာ လှဲချလိုက်သည်။ ဒီလိုမျိုး ရေအောက်မှာ အသက်ရှူရပ်ကာ သူမကိုယ်သူမ အဆုံးသတ်လိုက်ဖို့ တွေးဖူးတာ မရေမတွက်နိုင်တော့။ ခုလည်း ဘာမှန်းမသိတဲ့ တွန်းအားတခုကြောင့် သူမ ပြန်ထလိုက်တော့၏။ အချိန်တွေ အတော်ကြာသွားပုံ ရ၏။ ခပ်နွေးနွေးရေက အေးစက်နေကြလေပြီ။
ရေစိုနေတဲ့ ဆံပင်ခွေခွေတွေကို ဆက်မသုတ်တော့ပဲ ကုတင်ပေါ်လှဲချလိုက်သည်။ ဒါ သူမရဲ့ အကျင့်လိုတောင် ဖြစ်နေပြီလေ။ ဂရုဏာဒေါသောနဲ့ သူမ ဆံနွယ်တွေ တယုတယ သုတ်ပေးမယ့်သူလည်း မရှိ။
` ဟား … ဟား … ဟား … ´
ခန္ဓာကိုယ် တသိမ့်သိမ့်ဖြစ်သွားသည်အထိ ရီမောလိုက်၏။ ရီသံတွေမှာ အသက်ပါလား မပါလား ဝေဖန်ပိုင်းခြားမယ့်သူ အလျှင်းမရှိ။ နံရံလေးဖက်ပတ်လည် အခန်းထဲမှာ ရှာကြည့်လိုက်ရင် သွေးပျက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတတ်တာ အထူးအဆန်း မဟုတ်တော့။ နည်းနည်းကြာလာတာနဲ့ ဒီအတွေးက ၀င်လာပြန်၏။ ဒါ သူမ အမြဲတွေးဖြစ်နေကြ။ သူ့ကြောင့်လည်း ကိုယ့်ဘ၀ကိုယ် အဆုံးသတ်ဖို့ ခဏခဏ ကြံစည်ခဲ့ဖူးတာ။ တကယ်တော့ … တကယ်တော့… သူမဟာ လူတွေ အားလုံးကို လိမ်ညာလှည့်ဖျားပြီး အသက်ရှင်နေရတာ။ တကယ်မဟုတ်တာတွေကို လိမ်ညာပြောဆိုရင်း လျှောက်လှမ်းနေခဲ့တာ။ ရင်ထဲမှာ ပျော်ရွှင်နေပေမဲ့ လိမ်ညာ ဟန်ဆောင်သူတို့ ထုံးစံအတိုင်း သူမ ငိုခဲ့ဖူးသည်။ ပလီပလာလည်း ပြောဖူး၏။ အိုး… ဒါတွေ မကြိုက်ပေမဲ့ ချစ်သူကိုတောင် အဆုံးရှုံးခံပြီး ဒီလမ်းကို ဆက်လျှောက်ခဲ့ပြီးမှ သူမ နောင်တမရချင်တော့။
ဒီအတိုင်းကြီးတော့ လက်မလျှော့လိုက်ချင်။ သူမ အတွက် ထွက်ပေါက်က ဒီတလမ်းပဲ ရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေမိသည်။ ကုတင်ခေါင်းရင်းက ခုံပေါ်တင်ထားတဲ့ ဆေးဗူးအဖြူရောင်လေးဆီ မျက်စိကရောက်သွား၏။ ချက်ချင်းဆိုသလို လက်တွေ ကတုန်ကယင်နဲ့ လှမ်းယူလိုက်မိတော့သည်။
` ဒါ မဖြစ်သင့်ဘူး။ ငါ မလုပ်သင့်ဘူး။ ´
စိတ်ကို နိုင်အောင် အကြိမ်ကြိမ် ထိန်းနေပေမဲ့ အခုန်မြန်လွန်းနေတဲ့ ရင်ဘတ်ထဲက နှလုံးသားက လည်ပင်းကနေပဲ ခုန်ထွက်လာတော့မလို။ ဇောချွေးတွေ ပြန်ရင်း စိတ်အလိုမကျမှု၊ အားငယ် သိမ်ငယ်မှု၊ အထီးကျန်မှုအပြင် နောင်တရတာလား၊ ဂုဏ်ယူမိခဲ့တာလား မခွဲခြားနိုင်တော့တဲ့ ရှုပ်ထွေးခြင်းများနဲ့ ……. ။
` …………………………… ´
ဘယ်နှစ်လုံးမှန်း မသိတဲ့ အရေအတွက် တချို့ပါးစပ်ထဲ ပစ်သွင်းရင်း ရေကို တရှိန်ထိုးမော့ချလိုက်သည်။ ခပ်လျော့လျော့ ပြန်လှဲလိုက်ပြီး မျက်စိတို့ အသာမှိတ်ထားလိုက်သည်။ ပတ်ဝန်းကျင်က လေထုက ရုတ်တရက် အအေးဓါတ်ပိုလာသလို ခံစားလိုက်ရ၏။ ဒါမှမဟုတ် ရင်ထဲက ခံစားချက်တွေပဲ အေးစက်ခြောက်သွေ့လာတာလား။ ဝေခွဲလို့ မဆုံး နိုင် သေး ခင် မှာ ……….. ။
*** *** ***
နောက်တနေ့မနက်စောစောထွက်သည့် ဂျာနယ်တစ်စောင်၌ လူတိုင်း စိတ်ဝင်တစား ဖတ်ပြီး မယုံနိုင်ကြသည့် သတင်းတစ်ပုဒ်ကြောင့် ဂယက်ရိုက်သွား၏။ မျက်နှာဖုံးမှာ စာလုံးအမဲကြီးနှင့်။
နိုင်ငံကျော် ရုပ်ရှင်မင်းသမီး …….. ရုတ်တရက် သေဆုံးသွားခြင်း။
မင်းသမီး …. သည် မနက်စောစော ရှူတင်သို့ အချိန်မီရောက်မလာ၍ ဆက်သွယ်ကြည့်ကြရာ နေအိမ်၌ သေဆုံးနေကြောင်း သိရှိခဲ့ရသည်။ မိမိကိုယ်ကိုယ် သတ်သေခြင်းလား၊ ဆေးစားမှားခြင်းလား ဆိုတာကိုတော့ အတိအကျ မသိရှိရသေးကြောင်း၊ မင်းသမီး၏ ပုဂ္ဂလိက ဆရာဝန် ပြောကြားချက်မှာမူ မင်းသမီး၌ စိတ်ကျရောဂါစွဲကပ်နေပြီး ဆေးကုသမှု ခံယူနေရင်းမှ ခုလိုဖြစ်သွားရတာ အင်မတန်မှ ၀မ်းနည်းစရာကောင်းကြောင်း ပြောကြားသွားပါသည်။

7 comments:
ဒီလိုလေးရေးတော့လည်းကောင်းသား
ရီစရာရေးတာလည်းကောင်းတယ် ။
ကဗျာလေးတွေလည်း ရိုးရိုးလေးနဲ့ ထိမိတယ်။
အနုပညာ မျိုးရိုးကြောင့် များလား
ညီမအဖေက စာရေးဆရာဆို.......
မမသီရိ ရေးထားတာတစ်ကယ်ကောင်းတယ် ကြိုက်တယ်
စိတ်မကောင်းစရာ ပို့စ်လေးပဲနော်
သီရေ
သဲလေ သီ့ရဲ့ဒီပို့စ်ကို ဖတ်ပြီး ရေးဖို့အကြံရလာလို့ ရေးမယ်လို့စိတ်ကူးလိုက်တယ်။ ဒီကြားထဲ အငှားခံစားပေးရမယ့် လူကလည်း ရှိလာတော့ သူ့ဆီကငှား၊ သီ့ဆီက အတုယူပြီး ပို့စ်လေးရေးလိုက်ပါကြောင်း..
အရေးအသား.. တည်ဆောက်ပုံ.. ကြိုက်တယ်..
ကျန့်းလိကြွင်းဆိုတဲ့ ရုပ်ရှင်မင်းသမီး အဆိုတော် ဆုံးသွားတာလဲ ဒီလိုဘဲ တဦးတည်းနေတော့ ရင်ကြပ်လာတဲ့အခါ ဆေးယူဖို့ အားမရှိတော့တာနဲ့ ဖြစ်သွားတာ နိုင်ငံတကာမှာတော့ တယောက်ထဲနေရတော့ စိတ်အားငယ်တာရော အထီးကျန်တာရော ကြံကြံမခံနိုင် ရင်တောင် အရေးပေါ်အသက်ကယ်ဖို့  အနားမှာလူမရှိ လို့ အသက်ဆုံးရတာတွေ မနဲဘူး။ ညီမလေးရဲ့ စိတ်ကူးယဉ်ဇတ်လမ်းလေးဟာ အဲဒီ ဟောင်ကောင်အဆိုတော် ထရီစာ ကျန်း(စာလုံးပေါင်းမေ့နေတယ်)ရဲ့ ဘ၀နဲ့ အတူတူ နီးပါးဘဲ
The cleverness of your writing style let us easily see the essence of this fiction (or) loneliness of that desperate actress not only in every single moment of her steps but also in her breath-taking parts.
Since our eyes started to be caught by the very first word of your story, we were persuaded to carry on and on by holding our breath till we reached the other edge of it.
I've even got very odd, unique and excited feeling that i never had before while i was flowing and going into it.
You really could make the wild wild words to be totally tame. That's perfectly impressive and wickedly awesome.
In this third world , the stress and strain of human beings have been already touched in it's maximum level and that make our blood boiling point the highest.
In Consequently , suiciding became one of the easiest way to solve those unsolved problems such as loneliness,poverty and being the victims of uncured diseases.
We even can say that it gradually became the culture of current human society and No one could stop them from keep doing that.
Nevertheless, they may be right in their own ways of solving problems by straightly fleeing both out of their blocked existence and of their one-sided cruel world.
I believe they precisely could bargain at least some dignity from that deep-digging effective ways. But' i still won't admit you that it's absolutely right or not as it only depends on how they master-minded and believe into it.
Will you complain me if i name it "the art of escaping" ?
Will you disagreed with me if i name it " the art of searching new life"?
Will you neglect me if i name it " the art of Death" .
I'm pretty sure that you won't because the author who isn't really in love with Death will never have that kind of brilliant idea out of their fungus-liked brain.
Good job, dear.
Lord of Death may bless us.
by / Hee
Post a Comment