ကျမကို မလင်း tag ထားတဲ့ စာလေးရေးဖို့ အတော် ကြာနေပြန်ပါပြီ။ ကျမမှာလည်း အရမ်း စိတ်ညစ်စရာ ကိစ္စနဲ့ ကြုံနေရလို့ ဘာမှ မလုပ်ချင် မကိုင်ချင်အောင် ပါပဲ။ ဇာတ်လမ်း ကတော့ စပြန်ပြီနော်။ စာလေး စရေးခါစ ရှိသေးတယ်။
` ဒေါက်… ဒေါက်… ဒေါက် ´
` ဘယ်သူလဲဗျို့´ ကျမ တီးတိုး အော်မေးလိုက်၏။
` အချစ်ပါ ´ သူကလည်း နှစ်ကိုယ်ကြား အသံနဲ့ ပြန်အော်ပြော သရှင့်။
အချစ်လားဟေ့ ၀င်ခဲ့လေကွယ် လို့ ပြန်ပြောလိုက်ရ ကောင်းမလား စဉ်းစားပြီးမှ မဖြစ်ချေပါဘူး ဆိုပြီး
` အင်း အထဲ က ချက်ထိုးထားတာ ဖွင့်ပြီးဝင် ခဲ့လေကွယ် ´
` အဟင်း ´
အောင်မလေး လန့်လိုက်တာ… ဘယ်တုန်းက ဘေးနားရောက်နေမှန်း မသိတဲ့ အချစ်ကြီး။ သူများတွေရော မြင်ဖူး ကြလား မသိပါဘူး။ အဲဒီ့ အချစ်ဆိုတဲ့ အရာကြီး။ သူ့ပုံစံက ခပ်ဆန်းဆန်းရယ်… လေးထောင့် စပ်စပ် ၀ိုင်းဝိုင်း ခပ်ရှည်မျောမျော နဲ့ ပုကွကွ ပိစိညှောင့်တောင့် ဟပ်ပလုတ်ကြီး။ ဘယ်လိုကြီးမှန်းကို မသိတော့ ပါဘူး။ ကျမလည်း ရုတ်တရက် လန့်ဖြန့်သွားပြီး…
` ဘာ အဟင်းလဲ… ရှင်က ဘာကြီးတုန်း ´
` အချစ်လေ… ဒို့က အချစ်ပါ ´
` ယောင်္ကျားလား မိန်းမလား ´ ဟု ကျမ လွှတ်ခနဲ တလုံးချင်း ရေရွတ် လိုက်မိသည်။
` ယောင်္ကျား မိန်းမ ´
အယ်… ဘယ့်နှယ့်တုန်း… အချစ် ပြန်ဖြေတဲ့ စကားကြောင့် ကျမတောင် ကြောင်သွား၏။ ကြောင်သွားတော့ ခြေသံ မကြားရဘူးပေါ့။ ကျမဆီက ဘာအသံမှ ဆက်ထွက်မလာတော့ အချစ်ကပဲ ဆက်ရွှီးလေသည်။
` အော်… မိန်းမ ဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘယ်သူ့မှာမဆို အချစ်ရှိတယ် မဟုတ်လား… ဒါကို ပြောတာပါ ´
` နေပါဦး အချစ်က ကျမဆီလာတာ ဘာကိစ္စရှိလို့လည်း ပြောလေ… ဒီမှာ ကျမ မအားဘူး စာရေးစရာ ရှိသေးတယ် ´ လို့ အလောသုံးဆယ် ဖြည်းဖြည်းချင်း ပြောလိုက်တော့ အချစ်က
` ခက်ပြီ… အချစ်က ဘာ ကိစ္စ ရှိရမှာလဲ…
ခက်တော့နေပြီ… ဘာမှန်းမသိတာကြီးက လာနုနေပြန်ပါ၏။ အော်… ဒီအချစ်ကလည်း ပေါက်ပေါက်ရှာရှာ လမ်းလျှောက်သလား နေတာတဲ့လား… ဒါကြောင့် ခုရက်ပိုင်းအတွင်း စိတ်ထဲမှာ ဟာတာတာ နဲ့ လေးပင် နေတာကိုး။ ကျမအတွေး မဆုံးခင်မှာပဲ…
` ဒါနဲ့လေ အချစ် အခု လမ်းလျှောက်ထွက်ရင်း လမ်းမှာ အမုန်းနဲ့ ခင်လာတယ်… အဲဒါ သူကလဲ ဘယ့်သူ့စိတ်ထဲ နေရမှန်း မသိ ဖြစ်နေတာနဲ့ အချစ် သူ့ကိုပါ တပါတည်း ခေါ်လာခဲ့တယ်…
` ဟာ မဖြစ်သေးဘူးလေ… လူသာ လာပါ။ ဧည့်သည် ခေါ်မလာပါနဲ့ ဆိုတာ မကြားဖူးဘူးလား ´ ကျမလည်း ပြီးပြီးရောလျှောက်ပြီး သတိနှင့် ပြောလိုက်၏။
` အဟွန်းဟွန်း မရတော့ဘူးကွယ့် အမုန်းက ဒီဘက်ဘေး ရောက်နှင့်နေပြီလေ ´ ခြောက်ခြားစရာ ဆည်းလည်းသံလို ချိုလွင်လွင်ကြီးနဲ့… ကျမဘေးကို ကြည့်မိတော့ အသံထက် မြန်ပုံရတဲ့ အမုန်းကြီးက ဘေးမှာရပ်လို့… ခုတော့ ကျမရဲ့ နံဘေး တဖက်တချက်စီမှာ အချစ် နဲ့ အမုန်း က အတူ ယှဉ်တွဲ ၀န်းရံလျှက်… ။
` သွား လူဆိုး… ´
ဘာမှ မဆိုင်ပေမဲ့ ကျမ သွေးပျက်စွာ ပြုံးစိစိ မျက်နှာပေးနဲ့ ငြင်းလိုက်သည်။
သို့သော်…. အရာရာ က နောက်ကျခဲ့ပြီ။ ကျမ စကား မဆုံးသေးခင်မှာပဲ ကျမ ခေါင်းပေါ် ကျရောက် လာတဲ့ အေးစက်စက် အထိအတွေ့ကြောင့် နားထင် နှစ်ဖက်စလုံးကို မီးစနဲ့ ထိုးခံလိုက်ရသလို အေးခနဲ ဖြစ်သွားတာသာ မှတ်မိလိုက်တော့သည်။ ယောင်ရမ်းပြီး အတင်းပြူးထားတဲ့ မျက်စိ ပြန်ဖွင့်လိုက်တော့ ဘေးက အချစ်ရော အမုန်းရော ကျမအနားမှာ မရှိကြတော့ပဲ အခန်းထဲမှာ တယောက်ထဲ တိတ်ဆိတ်လို့… ။ အော်… လက်စသတ်တော့ ကျမ အိပ်ပျော်ရင်းနဲ့ စာရေးနေခဲ့တာကိုး… ။
ဒါပေမဲ့ ထူးထူးခြားခြား ရင်ထဲမှာတော့ သိပ်အသားမကျ သလို ဖြစ်နေတဲ့ နာကျင် လေးလံမှုနဲ့ အတူ… ။ တစုံတယောက် အပေါ် ဘယ်တုန်းကမှ မထားခဲ့ဖူးတဲ့ နာကျည်းမှု အရိပ် ခပ်ပါးပါးဟာ သက်ပြင်း တချက် အဖြစ် ကျမရဲ့ ထွက်သက်အရှိုက်မှာ မျောပါသွားကြလေရဲ့။

2 comments:
တစုံတယောက် အပေါ် ဘယ်တုန်းကမှ မထားခဲ့ဖူးတဲ့ နာကျည်းမှု အရိပ် ခပ်ပါးပါးဟာ သက်ပြင်း တချက် အဖြစ် ကျမရဲ့ ထွက်သက်အရှိုက်မှာ မျောပါသွားကြလေရဲ့။
အဲဒီစကားလေး အရမ်းကြိုက်တာဗျာ . ရေးတတ်လိုက်တာ
ခံစားချက်စစ်စစ်တွေလေ ကိုမျှားပြာရေ့... စကားလေးကသာ မိုက်တာနော်... ရင်ထဲတော့ အောင့်သက်သက်ကြီး ... :P
Post a Comment