Monday, 22 October 2007

စမ်းသပ်နေပါသည် တစ်၊ နှစ်၊ သုံး (၄)

"ဂြီ…ေဂၚ"

"မင်္ဂလာပါရှင်… ကျမတို့ LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့် ဌာနမှ အသံလွှင့်ဘို့ အချိန်ကျရောက်လို့ လာပြန်ပါပြီ… ခုတင်ဆက်ပေးမှာကတော့ နှလုံးသားရေးရာ အဖြေရှာ ဆိုတဲ့ ကဏ္ဍလေးပါ… အစီအစဉ်တင်ဆက်သူအဖြစ် ကျမ အချစ်ပါရဂူ မချစ်မယ်နော် ကဆောင်ရွက်မှာပါ… ကျမနဲ့ အတူ ပါဝင်တင်ဆက်ပေးမှာကတော့ ညီမငယ် သိပ်သိပ်ချစ်ပါ… မင်္ဂလာပါကွယ် ညီမငယ် သိပ်သိပ်ချစ်ရေ"

"ဟုတ်ကဲ့ မင်္ဂလာပါ မမချစ်မယ်နော်ရေ… ကျမတို့ အသံလွှင့် ဌာနကို စာရေးဆက်သွယ်ပြီး မေးမြန်းကြတဲ့ ချုစ်ပြဿနာမေးခွန်းလေးများကို ပြန်လည်ဖြေကြားပေးမဲ့ အစီအစဉ်လေးပါ… မမချစ်မယ်နော်ရေ… အဆင်သင့်ဆိုရင် စလိုက်ကြရအောင်နော်…"

"ဟုတ်ပါပြီ ညီမငယ်ရေ ဖတ်ပြပါဦးကွယ်…"

"စာလေးရဲ့ခေါင်းစဉ်က လမ်းပြပါဦး တဲ့… စာရေးသူကတော့ ကိုကီးကြောင်ပါရှင်… သူရေးသားထားတာက မမချစ်မယ်နော်ရေ ကျနော့ဘ၀မှာ ရှားရှားပါးပါးနဲ့ အတော်ကြိုးစားယူထားရတဲ့ ရည်းစားလေးတယောက်ရှိပါတယ်တဲ့… သူကသီချင်းလေးတွေကြိုက်တတ်ပြီး ကျနော်ကကျတော့ သီချင်းဆိုတာ ၀ါသနာပါတော့ အဆင်ပြေတာပေါ့ဗျာ… ဒါပေမဲ့ တနေ့ကျ သူနဲ့ကျနော် ချိန်းထားတာ တော်တော်နဲ့ သူရောက်မလာလို့ သူ့အိမ်အောက်မှာ သွားစောင့်မိပါတယ်တဲ့… အဲဒီ့မှာ ပါးစပ်က အကျင့်ပါနေတော့ သီချင်းဆိုမိပါရော… "ဒီအတိုင်းပဲ ဆင်းလာခဲ့ ဒီအတိုင်းပဲ ဆင်းလာခဲ့… အိုး… ဒီအတိုင်းပဲဆင်းလာခဲ့" လို့ဆိုမိတယ်… သိပ်မကြာပါဘူး ဒီအတိုင်းပဲ ထွက်လာပါရဲ့… ဒါပေမဲ့ သူ့အမေကြီးဖြစ်နေပြီး ဘယ်ကောင်လဲ ငါ့သမီးကို ဒီအတိုင်း ဆင်းလာခိုင်းတာဆိုပြီး ပွဲကြမ်းလို့ အသာလစ်ပြေးခဲ့ရပါသေးတယ်တဲ့… နောက်မှ သိရတာ ကျနော့်ချစ်သူက အဲဒီ့အချိန်မှာ ရေချိုးနေတာတဲ့ဗျာ… ခက်ပါ့… အဲဒီ့ထဲက စိတ်ကောက်သွားလိုက်တာ ခုထိပါပဲတဲ့… ခုတော့ ကျနော်ကြားတဲ့ သတင်းတခုအရ သူနေမကောင်းဖြစ်နေတယ်… အခွင့်ရတုံး နောက်သီချင်းတပုဒ်လောက် သွားဆိုချင်သေးတယ်တဲ့… ဒါပေမဲ့ သီချင်းအရွေးမှားပြီး ဟိုတခါလို ဖြစ်မှာစိုးရိမ်လို့ မမချစ်မယ်နော် ကျနော့ကို ဆိုဘို့ သီချင်းလေးရွေးပေးပါဦးတဲ့… သူနေမကောင်းတာကို ကျနော် ဂရုစိုက်မှန်း သူသိသွားပြီး စိတ်ဆိုးပြေအောင်ပေါ့ဗျာ… ကူညီပါဦးတဲ့ မမချစ်မယ်နော်ရေ့"

"ဟုတ်ပါပြီ မောင်ငယ် ကိုကီးကြောင်ရေ… ဒီလို ကြိုတင်စီစဉ်ထားမှ အဆင်ပြေမှာပေါ့ကွယ်… တော်ကြာပါးစပ်ထဲရှိရာ "သေခြင်းရဲ့တံခါးများ… ရှေ့မှာသေခြင်းရဲ့တံခါးများ နောက်မှာသေခြင်းရဲ့ တံခါးများ" လို့ဆိုမိလို့ကတော့ ပြန်ပေတော့ မစဉ်းစားနဲ့တော့ ပဲ… အဟတ်ဟတ်… အင်း… ဒီခေတ်မှာက သီချင်းအဟောင်းတွေမှာ ရက်ပ်စာသားတွေ ထည့်ပြီးဆိုချင်ရာဆိုတာ စတိုင်လ်ပဲ… ဒီတော့ တွံတေးတိန်းတိန် ရဲ့ သီချင်းစာသားတခုနဲ့အတူ မောင်ငယ်ကြိုက်နှစ်သက်တဲ့ ရက်ပ်စာသားတွေ ထည့်ဆိုဘို့ အကြံပေးချင်ပါတယ်… တွံတေးတိန်းတိန် သီချင်းလေးက ဟောင်းပေမဲ့ ကောင်းဆဲပဲလေ… ပြီးတော့ ခုလိုပုံစံလေးနဲ့ ပြန်ဆိုမယ့် လူလည်းမရှိသေးတော့ ပိုသစ်တာပေါ့ကွယ်… သိတယ်ဟုတ်… "ထွေးညိုလေးရယ် ဆေးဆိုတာ မတ်တတ်သောက်ရတယ်" ဆိုတာလေ… ကဲဘယ်လောက် မိုက်လဲ… ဆေးသောက်တာကအစ ဂရုတစိုက်ရှိတဲ့ သဘောပေါ့ကွယ်… အဲဒါလေး တကြောင်းဆိုလိုက်… ပြီးရင် ကြိုက်နှစ်သက်ရာ "အာဟ အာဟ" တမျိုး "ရို့ရို့" တဖုံ ကြားညှပ်ပြီးသာ ဟဲပစ်လိုက်ပါကွယ်… အမြန်စိတ်ကောက်ပြေပြီး ပြန်အဆင်ပြေစေရမယ်… အဟတ်ဟတ်…"

"အရမ်းကောင်းတဲ့ အကြံဥာဏ်ပဲ မမရေ… ကိုကီးကြောင်တယောက် သီချင်းသွားဆိုရာမှာ ယောက္ခမကြီး ထွက်လာပြီး "ဖုန်းဆက်လိုက်ရမလား" လို့ အကြိမ်းမခံရပဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်…"

"ဟုတ်တာပေါ့ကွယ်… ကဲ နောက်တစောင် ဆက်ကြဦးစို့ ညီမငယ်ရေ…"

"ဟုတ်ကဲ့ရှင်… နောက်တစောင်ရဲ့ ခေါင်းစဉ်က တကောင်ထဲ ဒါပေမဲ့ ခြင်္သေ့ ပါရှင်… စာရေးလာသူကတော့ အကြွားမပိုတဲ့ ကိုကျုားဗို ပါတဲ့… သူရေးသားထားတာက မချစ်မယ်နော်ရေ… ကျနော့်မှာ တိတ်တခိုး ချစ်နေရတဲ့ ကောင်မလေး တယောက်ရှိပါတယ်… သူမဟာ ဒေါင်းမလေး တကောင်လို လှပ၀င့်ကြွားတယ်တဲ့… ဗျိုင်းဖြူလေးတကောင်လို အသားအရေက ဖြူဝင်းပြီး နှုတ်ခမ်းလေးကတော့ ရွှေငါးလေးလို စူပွစူပွနဲ့တဲ့… ချစ်တဲ့အကြောင်း ဖွင့်ပြောမယ်လို့ အားတင်းပြီး သူ့ရှေ့ရောက်ပြန်ရင်ကျတော့ ကျားရှေ့ရောက်တဲ့ ယုန်လေးတကောင်လို ကြောက်ရွံ့နေမိပြန်တယ်… တခါတရံကျတော့ သူ့လက်နဲ့ ပွတ်သတ်ပေးနေတဲ့ သူ့ကြောင်လေးကို အားကျမိပြန်ရောဗျာတဲ့… ဖွင့်ပြောလိုက်ရင် အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ လို့ သူပြောလိုက်မှာကို တွေးပူမိတယ်တဲ့… တကယ့်တကယ်တော့ ကျနော်ဟာလည်း ခဲမှန်ဘူးတဲ့ စာသူငယ်လို ဖြစ်နေတော့ သူ့ကို ဖွင့်ပြောရာမှာ လိုအပ်မယ်ထင်တာလေးတွေကို အကြံဥာဏ်ပေးပါဦးခင်ဗျာတဲ့… မမချစ်မယ်နော်ရေ…"

"အွန်… ခေါင်းစဉ်နဲ့ ရေးထားတာက ဘာမှလဲမဆိုင်ဘူးနော်… ဟတ်ဟတ်… အကြွားမပိုတဲ့ ကိုကျုားဗိုရေ… အချစ်ဆိုတာ ဗိုလ်ကျားသေနတ်စွဲသလို ခပ်လွယ်လွယ်ကိစ္စမှ မဟုတ်တာပဲနော်… ပြီးတော့ ကိုကျားဗိုရေးတဲ့ စာကိုနားထောင်ရတာ တိရစ္ဆာန်ရုံကို အလည်တခေါက်ရောက်သွားတယ်မှတ်ရတယ်… အဟင်းဟင်း… လိုရင်းကိုပြောရမယ်ဆိုရင် ကိုကျားဗို အနေနဲ့ အရင်ဆုံး ကိုယ့်စာရဲ့ခေါင်းစဉ်ထဲကလို တကောင်ထဲ ခြင်္သေ့ဆိုတဲ့ စိတ်ဓါတ်မျိုး သွင်းရပါမယ်ကွယ်… သူနဲ့ရင်ဆိုင်ရဲတဲ့ သတ္တိရှိပြီဆိုရင်တော့ သူ့ကိုပြောဖို့ စကားလေးတွေ စာစီကြည့်ရအောင်လေ… မမက လိုအပ်မယ်ထင်တာလေးတွေ ကောက်နှုတ်ပေးမယ်… ၁။ လျှာနှစ်ခွနဲ့ မြွေလိုမဟုတ်ကြောင်း ၂။ အောက်ချင်းငှက်လို သစ္စာရှိပါမယ်ဆိုတာရယ် ၃။ စားနေကျ ကြောင်ပါးကြီး မဟုတ်ဘူးဆိုတာရယ် ၄။ ပင့်ကူလို ခြေမများတတ်ကြောင်းရယ် ၅။ ကျီးကန်းလို မအာတတ်ကြောင်း နဲ့ ၆။ နွားလိုကျင့်မယ့်အကြောင်း အဲလေ နွားလို လုံ့လ၀ီရိယရှိပြီး တာဝန်တွေကို ထမ်းပိုးတတ်တဲ့ စိတ်ရှိကြောင်း အစရှိတဲ့ အကောင်ပလောင်တွေကို အကြောင်းပြုပြီး ချဲ့ကားပြောကြည့်ပေါ့ကွယ်… သူ့ကို ပြောနေတဲ့ အချိန်မှာ မျက်နှာကို လင်းတမှိုင်တော့ မှိုင်မနေမိစေဘို့ သတိထားရမယ်လေနော်… အဆင်ပြေပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်ကွယ်… နောက်တစောင် ဖတ်ပြပါဦး ညီမငယ် သိပ်သိပ်ချစ်ရေ"

"ဟုတ်ကဲ့ပါ မမရေ… နောက်ဆုံးစာလေးရဲ့ ခေါင်းစဉ်က အချစ်ပုစ္ဆာ အဖြေရှာပါ… စာရေးသားလာသူက မချစ်ပါရစေတဲ့… ရေးသားထားတာကတော့ မမချစ်မယ်နော် နဲ့ မမသိပ်သိပ်ချစ်တို့ကို အားကိုးတကြီး စာရေးမေးမြန်းလိုက်ပါတယ်တဲ့… သမီးတို့ အုပ်စုမှာ သူငယ်ချင်း ၅ယောက်ရှိပါတယ်… ယောက်ျားလေး ၂ယောက် မိန်းကလေးက ၃ယောက်ပါတဲ့… ယောက်ျားလေး နှစ်ယောက်ကို A နဲ့ Bလို့ ပဲထားပါတော့… A က သမီးကို ချစ်ပြီး သမီးက B ကိုချစ်တယ်… B ကသမီးကို မချစ်ဘဲ သမီးတို့ မိန်းကလေးထဲက နောက်တယောက်ကို ချစ်တယ်တဲ့… ကျန်တဲ့မိန်းကလေးတယောက်က A ကိုချစ်တယ်… A ချစ်တဲ့ကောင်မလေးက သူ့ကို A ကမချစ်ဘဲ သမီးကိုဘဲ ချစ်မှန်းသိတော့ သမီးကို စကားမပြောတော့ဘူးတဲ့… B ကကြိုက်နေတဲ့ သူငယ်ချင်းကတော့ B ကို သမီးနဲ့ သဘောတူတယ်တဲ့… အဲဒါဘာလုပ်ရင်ကောင်းမလဲ မမချစ်မယ်နော် ဖြေပေးပါတဲ့ရှင်…"

"အယ်… ငယ်ငယ်ထဲက သင်္ချာညံ့တဲ့ မမတော့ နားထောင်ရတာနဲ့တင် ခေါင်းတောင်မူးတယ်ကွယ်… ပတ်ချာလည်ရိုက်ပြီး ဒီလောက်ရှုပ်နေတဲ့ ကိစ္စမျိုး တခါမှတောင် မကြားဖူးပါဘူးကွယ်… အကြံပေးဘို့ နေနေသာသာ မမနားကိုမလည်ပါဘူး… ဒီတော့ ညီမငယ်ချစ်ပါရစေ အနေနဲ့ ချစ်ချင်တာကိုသာ ချစ်ပြီး မချစ်ချင်တာကို ခဲဖျက်နဲ့သာဖျက်လိုက်ပါတော့လို့ကွယ်… မမဥာဏ်ကိုမမှီတော့လို့ပါ… ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့လို့… စာရေးဆက်သွယ်လာသူတွေကို တခုတောင်းပန်ချင်တာက ကျမ မချစ်မယ်နော်ကို ငယ်ငယ်ထဲက သင်လေချာလေဖြစ်ခဲ့တဲ့ သင်္ချာပုစ္ဆာလို အချစ်အကြောင်းတွေနဲ့ ခေါင်းမစားကြဖို့ပါကွယ်…"

"ဟုတ်ကဲ့ရှင် နားဆင်သူအပေါင်း ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်… ကျမတို့ ဟီးဟီးဟားဟားကို စာရေးဆက်သွယ်မယ်ဆိုရင် အမှတ်(၁၅၀၀) ၊ သံယောဇဉ်လမ်း ၊ ရင်ခုန်သံရပ်ကွက် ၊ အချစ်မြို့ကို လိပ်မူပြီး ရေးသားနိုင်ပါတယ်… email နဲ့ ဆက်သွယ်မယ်ဆိုရင်တော့ loveprofessor@QQmail.net.la ပါရှင်… ကျမ သိပ်သိပ်ချစ်ပါ… ကျေးဇူးတင်ပါတယ်ရှင်…"

"ကျမအချစ်ပါရဂူ မချစ်မယ်နော်ပါ… ဟီးဟီးဟားဟားကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်… နားသောတဆင်သူအပေါင်း မိုးမမြင် လေမမြင် ဆက်၍ကြူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်…"

"ဂွီ...ဂေါ်"

8 comments:

Chaos said...

အဟတ်ဟတ်
တော်တော်ကောင်းတဲ့ အစီအစဉ်လေးပဲ
နောက်လဲ ထပ်တင်ဆက်ပါဦး
စောင့်နေတယ်ဗျို့

Winkabar said...

ဒီတစ်ခုကပိုရယ်ရတယ်။ အားပေးနေမယ်နော်။

ပီကေ said...
This comment has been removed by the author.
ပီကေ said...

မိုက်တယ်ဗျို့။ ဒီအစီအစဉ်က ဘယ်အချိန်မှာ ထပ်လွှင့်ဦးမှာလဲ။

Helena said...

လာမည် ကြာမည် ကိုပီကေရေ့... ခုတော့ (၁)ကနေ စပြီး ဖတ်ကြည့်ပါဦးနော် :)

tuzzaung said...

ကြိုက်လွန်းလို့ကူးယူသွားတယ်။

စိုးဇေယျထွန်း said...

မထူးပါဘူး ကျွန်တော့်အတွက်လဲ အဖြေရှာပေးဦး။
ပြောရရင်တော့ တောကြမှာလည်းစိုးရသေးတယ်။ သို့ပေမဲ့လည်း မပြောမပြီး မတီးမမည်ဆိုသလို ရင်ထဲပြသနာ အဖြေရှာဖို့ ချစ်မယ်နော်(နာမည်ကိုခေါ်ခြင်းဖြစ်သည်) ကို မေးခွန်းလေး မေးပါရစေ

ဒီလိုပါ။ လောကမှာ မှိုဆိုတဲ့ အမျိုးက တယ်ပေါတာကိုး။ အဲဒီမှိုဆိုတဲ့ အကောင်က(အပင်ကို အီဒီယန်ဖြင့် အကောင်ဟုခေါ်သည်) ဆွတ်ဆွတ်ဖြူဖြူနဲ့ ပေါပေါများများ လွယ်လွယ်နဲ့ရတယ်။ သို့သော် တောင်ဘို့မှိုလောက်မှ အသက်မရှည်ဆိုတဲ့ စကားအတိုင်း ခဏလေးနဲ့ သေတယ်။

ဆိုလိုချင်တာကတော့ဗျာ ကမ္ဘာမေအတွက် မှိုတွေ ပေါသလို ယေကျာင်္းလေးတွေအတွက် မိန်းကလေးတွေ ပေါတယ်။
ခက်တာက အဲဒီမိန်းကလေးတွေက မှိုတွေလိုပဲ။ မှိုတွေဟာ အသက်ရှင်ပြီး ခဏလေး သေသလို၊ ကောင်မလေးတွေကလည်း ရည်စားဖြစ်ပြီး ကြာကြာမခံဘူး။ပြတ်ပြတ်သွားရော။ ကြာကြာခံအောင် ဘယ်လိုလုပ်ရမလဲ။

မှတ်ချက်။ ။ မံမီလို ဆေးစိမ်ထားပါဆိုတဲ့ မဆိုင်တဲ့ အဖြေမျိုး မဖြေရဖူးနော်

Helena said...

ဟုတ်ပါပြီကိုစိုးဇေယျထွန်းရေ...

ကြာကြာခံချင်ရင် အားပြည့်မှအကြာကြီးခံ ဆိုတဲ့ ဟိုဓါတ်ခဲ ၀ယ်သုံးကြည့်ပါလား ဟီးဟီး နောက်တာပါနော်... ဒါကတော့ကွယ် ကိုယ်ရဲ့ ပစ္စည်းတခုကို ထိန်းသိမ်းနိုင်တဲ့ သဘောလေးနဲ့ ခပ်ဆင်ဆင်ပေါ့... ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ ဘာလုပ်ဖို့လဲ ??? လျှိုမထားနဲ့ အကုန်သာထုတ်သုံးပစ်လိုက်... ဟီးဟီး