"ဂြီ…ေဂၚ"
"မင်္ဂလာပါရှင် LA(လပွတ္တာ အလယ်ပိုင်း) အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့်ဌာနမှ အသံလွှင့်ဖို့ အချိန်ကျရောက်လို့လာပြန်ပါပြီ… ဒီနေ့တင်ဆက်မှာက နှလုံးသားရေးရာ အဖြေရှာဆိုတဲ့ ကဏ္ဍလေးပါ… ဒီကဏ္ဍလေးကို ကျမ အချစ်ပါရဂူ မချစ်မယ်နော် နဲ့အတူ ပါဝင်ကူညီမှာကတော့ ညီမ မသိပ်သိပ်ချစ်ပါ… ကျမတို့ဆီကို စာရေးဆက်သွယ်ပြီး မေးမြန်းလာတဲ့ အချစ်ရေးရာ ပြဿနာလေးများကို တတ်သမျှမှတ်သမျှ ဖြေကြားပေးသွားမှာပါ… ကဲ ညီမသိပ်သိပ်ချစ်ရေ အရင်ဆုံးဘယ်မေးခွန်းလေးကို ဖြေပေးမယ်လို့ စိတ်ကူးထားလဲဆိုတာ ပြောပါဦး"
"ဟုတ်ကဲ့ပါ မမချစ်မယ်နော်ရေ ပထမဆုံးစာလေးရဲ့ခေါင်းစဉ်က ကူပါကယ်ပါ တဲ့… စာထဲမှာ ဘာရေးထားလဲဆိုတော့ မမတို့ရေတဲ့... ညီမလေး မအလွမ်းတွေနဲ့ဝေ စာရေးလိုက်ပါတယ်… တခါမှမရေးဘူးလို့ အမှားပါရင် ခွင့်လွှတ်ပါတဲ့… မောင်မောင်နဲ့ ညီမနဲ့က ရုပ်ရှင်တွေထဲကလို ကျောင်းမှာ တယောက်နဲ့တယောက် ၀င်တိုက်မိပြီး တွေ့ခဲ့ကြတာပါတဲ့ရှင်… နောက်တော့ ရုပ်ရှင်ထဲကလိုပဲ ချစ်သူတွေဖြစ်သွားတယ်… ဒါပေမဲ့ ရုပ်ရှင်လို မဟုတ်တာကတော့ ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်းသမီး ပေါင်းသလို မပေါင်းလိုက်ရဘဲ မောင်မောင်ကတခြားတယောက်နောက်ကို ပါသွားပါတယ်တဲ့… မောင်မောင်ပြောဘူးတာကတော့ ညီမကိုပဲချစ်တာပါတဲ့လေ… ဒီလိုအချိန်မှာပဲ ကိုကိုကပေါ်လာပြန်တယ်… ညီမကိုသူကစဉ်းစားပေးပါတဲ့… နောက်တယောက်ကတော့ ကိုကိုမောင်ပါ… သူကတော့ ညီမကို ခိုးခိုးပြီးကြည့်ကြည့်နေတယ် မမချစ်မယ်နော်ရယ်တဲ့… ဒီတော့ သမီးအနေနဲ့ မောင်မောင်ကိုပဲ ဆက်စောင့်ရမလား… ကိုကို့ ကိုပဲပြေးကပ်ရမလား… ဘာလုပ်ရမှန်းမသိလို့ အူလည်လည်ကြီး ဖြစ်နေရပါတယ်တဲ့… ကူညီစဉ်းစားဖြေကြားပေးပါနော်တဲ့…မမချစ်မယ်နော်ရေ"
"ဟုတ်ပါပြီ ညီမသိပ်သိပ်ချစ်ရေ… ညီမလေး အလွမ်းတွေနဲ့ဝေ ခမျာသနားစရာနော်… မရေမရာနဲ့ မောင်မောင်ကို စောင့်ရင်း အချိန်တွေလွန်မှ ကိုကို့ကိုလည်း ကပ်မရတော့ရင် အူလည်လည်ကနေ မျောက်သစ်ကိုင်းလွတ် ဖြစ်သွားမှဖြင့် ဒုက္ခ… မမကိုယ်ချင်းစာပါတယ်… ဒီတော့ ညီမ မအလွမ်းတွေနဲ့ဝေ ကို အကြံပေးချင်တာက မောင်မောင်ကိုလည်းစောင့်ရင်း အလဟဿမဖြစ်အောင် ကိုကို့ကိုပြေးကပ်ထားတာ အသင့်လျှော်ဆုံးပဲဖြစ်မှာပါလို့နော်… ဒီထက်ပိုပြီး နောင်ရေးကိုစိတ်ချချင်တယ်ဆိုရင်တော့ စပါယ်ယာပတ် အနေနဲ့ ကိုကိုမောင့်ကိုပါ မျက်စပစ်ထားနိုင်ပါသေးတယ်… ကဲ ဘယ့်နှယ့်ရှိစ… မပိုင်ပေဘူးလား… ဒါဆို ညီမ အလွမ်းတွေနဲ့ဝေ အနဲ နဲ့ အများတော့ အဆင်ပြေသွားမှာပါကွယ်… ဒီထဲကမှ ဘယ်သူ့ကိုရွေးမယ်ဆိုတာကတော့ ညီမသဘောပဲပေါ့လေ… "
"သိပ်ကောင်းတဲ့ အကြံဥာဏ်ပါပဲ မမချစ်မယ်နော်ရေ… "
"နောက်တစောင် ဖတ်ပါဦး ညီမ သိပ်သိပ်ချစ်ရေ…"
"ဟုတ်ကဲ့ရှင် နောက်တစောင်ရဲ့ ခေါင်းစဉ်လေးက ဘယ်လိုနားလည်ရမှာလဲ တဲ့ မမရဲ့… စာရေးလာသူကတော့ ကိုလူပျိုသိုးပါ… အကြောင်းအရာလေးကတော့ ဒီလိုပါ… ကျနော်ကိုယ်တိုင် အဖြေရှာမရနိုင်တော့လို့ မချစ်မယ်နော် နဲ့ မသိပ်သိပ်ချစ် တို့ကို အားကိုးတကြီး စာလှမ်းရေးလိုက်ပါတယ်တဲ့… ကျနော်နဲ့ အလုပ်တူတူလုပ်တဲ့ ကောင်မလေးက အလုပ်ကိစ္စ စကားပြောရင် ကျနော့်မျက်နှာကို ကြည့်ကြည့်ပြီးပြောတယ်… တခါတလေ သူကအချစ်သီချင်းလေးတွေ မကြားတကြားဆိုတတ်သေးတယ်တဲ့… သူထမင်းစားနေတာ ကျနော်ကြည့်မိရင် စားပါဦးလို့လည်း စေတနာပိုတတ်သေးတယ်… ဒါတွေကို ကြည့်ချင်းအားဖြင့် သူကျနော့်ကို ချစ်နေတာများလားလို့ တွေးမိတယ်ပါတယ်တဲ့… ၀ိုင်းစဉ်းစားပေးပါဦးတဲ့ မမချစ်မယ်နော်ရေ့"
"ကဲ ညီမ သိပ်သိပ်ချစ်ရေ ဒီလိုဆိုရင်တော့ ကိုလူပျိုသိုးတို့ ပွတာပဲရှင်… အလုပ်ကိစ္စပြောရင် သူ့ကိုကြည့်ပြောတယ်ဆိုတာနဲ့တင် သေချာသွားပြီ… မမရဲ့ အတွေ့အကြုံအရ ပြောရရင်တော့ ကောင်မလေးက ကိုလူပျိုသိုးကို တော်တော်ကြွေနေရှာပြီပဲ… ဒါကြောင့် ကိုလူပျိုသိုး အနေနဲ့ တွေဝေပြီး အချိန်ဆွဲမနေသင့်ဘူးလေ… နင် ငါ့ကိုကြိုက်နေတာ မဟုတ်လားလို့သာ ပေါ်တင်မေးလိုက် လို့ပဲ အကြံပြုချင်ပါတယ်ကွယ်… သီတင်းကျွတ်မှာ ကိုလူပျိုသိုးကြီး ကျွတ်ကိုကျွတ်စေရမယ်… လူပျိုဘ၀ဟုတ်ရင်ဟုတ် မဟုတ်ရင် သွား၃၂ချောင်းပဲ… အဟက်ဟက်… ညီမသိပ်သိပ်ချစ်လေး ဆက်ဖတ်ပြပါဦးကွယ်…"
"ဒီတပါတ်က စာတော်တော်နဲတယ် မမချစ်မယ်နော်ရေ့… ဒီတစောင်က နောက်ဆုံးပဲ… သူကတော့ သူများနဲ့ မတူ တမူထူးခြားစွာနဲ့ email နဲ့ပို့လာတဲ့ စာလေးပါလို့… ခေါင်းစဉ်လေးက ချစ်ပဟေဠိ အဖြေညှိပေးပါ တဲ့ မမရေ… ညှိဖို့ အဆင်သင့်ပဲလား မမရေ"
"ဒါပေါ့ ညီမရယ် ဆက်ပြောပါဦး"
"ပို့လာသူလေးက နန်းပုဘ၀င်အိုး ပါတဲ့… နာမည်လေးရော ခေါင်းစဉ်လေးရော ကဗျာဆန်တယ်နော်… သူတိုင်ပင်ချင်တာကတော့ ဆိုပြီးအစချီထားပေမဲ့ သူ့ပုံစံကို မျက်စိထဲမြင်အောင် အရင်ပြောပြပါရစေလို့ လည်းမေတ္တာရပ်ခံထားပါတယ် မမရေ… သမီးက အထက်တန်းကျောင်းထဲက တက္ကသိုလ်ထိ ကွင်းဆက်တိုက်ရခဲ့ပါတယ်တဲ့… စာလုံးပေါင်းမှားလို့ မှင်နီနဲ့ အကွင်းခံရတာပြောပါတယ်… ဟီဟိ နောက်တာပါနော်တဲ့… သမီးပြောတာက Q.u.e.e.n ကွင်း ဖဲချပ် အဲလေ ဘုရင်မကိုပြောတာပါတဲ့… သမီးရဲ့ အသားအရေဟာ ဖြူနုဝင်းမွတ်နေပြီး အသားလှတယ်ဆိုတဲ့ အထဲပါပါတယ်တဲ့… မျက်လုံးဟာ ဆိုရင်လည်း မျက်ရစ်လေး မရှိတာကလွဲလို့ တော်တော်ကြည့်ကောင်းတဲ့အထဲကပါ… နှာခေါင်းလေးဟာ ဆိုရင်လည်း သိပ်မချွန် ခပ်ပြားပြား အမိုက်စားပါပဲတဲ့… နှုတ်ခမ်းလေးရဲ့အလှဟာ ဆိုရင်တော့ အင်ဂျလီနာဂျိုလီ တောင် လက်မှိုင်ချရလောက်အောင် ထော်ပြီးလန်နေလို့တဲ့… တကိုယ်လုံး ခြုံကြည့်မယ် ဆိုရင် ဘာမှပြောစရာ မရှိတဲ့အပြင် အ၀တ်အစားဆိုတာလည်း ၀တ်တတ်စားတတ်လွန်းတော့ မွန်ဂိုလီးယားရေသန့်မင်းသမီးလေး ဆိုပြီး ခဏခဏလူမှားခံရလွန်းလို့ စိတ်တောင်ညစ်ရပါတယ်တဲ့… အဓိကပြဿနာက ခုမှစပြောရမှာပါတဲ့… သမီးမွေးနေ့မှာ ဘယ်သူကမှန်းမသိ ဘယ်ကမှန်းလည်းမသိတဲ့ လူတယောက်က သမီးဆီကို စိန် ထောပတ်တထုပ် ပို့ပေးလိုက်တယ်… စိန်ထောပတ်ပို့ခဲ့တာ သိခဲ့ရင်လည်း မေမေဆူလိမ့်မယ် ဆိုပြီးတောင် ရေခဲသေတ္တာထဲ မြန်မြန်သွားထည့်ထားလိုက်ရတယ်တဲ့… သမီးစိတ်ထဲကတော့ ဒါဘာသဘောလဲဆိုတာ သိချင်ပါတယ်တဲ့… ဘယ်လိုမှစဉ်းစားမရလို့ ၀ိုင်းပြီးအဖြေညှိပေးပါဦး… ကျေးဇူးမမေ့ပါဘူး မမချစ်မယ်နော် နဲ့ မသိပ်သိပ်ချစ်ရယ်တဲ့… ကဲ အချစ်ပါရဂူ မမချစ်မယ်နော်ရေ ဘယ်လိုထင်လဲပြောပါဦး"
"ဒါက ဒီလိုရှိပြီး ဟိုဟာကဟိုလိုရှိတယ်လေ ညီမလေး နန်းပုဘ၀င်အိုး ရေ… အဖြေက ရှင်းရှင်းလေးရယ်ပါ… သူပို့လိုက်တာ စိန်ထောပတ် ဟုတ်တယ်ဟုတ်… ထောပတ်တို့မည်သည် တမျိုးထဲ အသုံးမတည့်… ပေါင်မုန့်နဲ့ ဖြစ်စေ၊ နံပြားနဲ့ဖြစ်စေ သုတ်စားမှသာ အရသာရှိတာမဟုတ်လား… ဒီတော့ သူ့ပဟေဠိက ရှင်းရှင်းလေးရယ်… ထောပတ်နဲ့ ပေါင်မုန့်လိုပဲ အတူတူတွဲဖက်ပြီးမှ… လက်တွဲသွားကြပါစို့ ဆိုတဲ့သဘောလေးပေါ့ကွယ်… သိပ်ချစ်တတ်တာပဲ… သူလည်း ကိုရီးယားကားတွေ ကြိုက်တယ်နဲ့ တူတယ်… အရမ်းကို ရိုမန်တစ်ဆန်တာပဲကွယ်… ပို့မဲ့ပို့တော့ ကူးတို့ရောက်အောင်ပို့လိုက်ပါတယ် ညီမငယ် နန်းပုဘ၀င်အိုးရယ်… စာထဲမှာက ဘယ်သူမှန်းလည်းမသိ၊ဘယ်ကမှန်းလည်းမသိဘူးလို့ ဆိုထားတော့ ကဲကိုစိန်ထောပတ်ရေ ပဟေဠိတော့ အဖြေညှိပြီးပြီလို့… ညီမလေး နန်းပုပေါင်မုန့်ကို အမြန်ဆက်သွယ်လိုက်တော့နော်… ညီမလေးကလည်း ကျေးဇူးမမေ့ပါဘူး ဆိုတော့ မမအရမ်းကြိုက်တဲ့ ပေါင်မုန့်ထောပတ်သုတ်လေး ကျွေးရင်ကျေနပ်ပါတယ်… အရမ်းကြိုက်လို့လည်း ထောပတ်ဆိုတာကြားတာနဲ့ ပေါင်မုန့်လေးနဲ့ တွဲမြင်ပြီး ချက်ချင်းအဖြေပေါ်သွားတာ ညီမသိပ်သိပ်ချစ်ရဲ့…"
"ဟုတ်ကဲ့ပါ မမချစ်မယ်နော်ရေ… ကဲ ဒီနေ့တော့ ဒီမျှပါပဲရှင်… နားထောင်သူ ပရိသတ်နဲ့အတူ စာရေးမေးမြန်းသူ အပေါင်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်… ကိုယ်တိုင်စာရေးသား ဆက်သွယ်ချင်တယ်ဆိုရင်တော့ အမှတ်(၁၅၀၀) ၊ သံယောဇဉ်လမ်း ၊ ရင်ခုန်သံရပ်ကွက် ၊ အချစ်မြို့ကိုလိပ်မူပြီးရေးသားပေးပို့နိုင်ပါတယ်… email နဲ့ဆက်သွယ်မယ် ဆိုရင်တော့ loveprofessor@QQmail.net.la ပါ… နောင်အခါများမှာလည်း တောင်းချင်ရာတောင်း သီချင်းဟောင်း အပြင် လှဘို့ပဘို့ အစွမ်းကုန်ကိုပြင်ကြစို့ ကဏ္ဍများကိုပါ အဆင်ပြေရင်ပြေသလို ထုတ်လွှင့်ပေးသွားဦးမှာပါ… ကျမ မသိပ်သိပ်ချစ်ပါရှင်… ဟီးဟီးဟားဟားကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်…"
"ဟုတ်ကဲ့ နားသောတဆင်သူအပေါင်း မိုးမမြင် လေမမြင် ဆက်ပြီး ကြူနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်… ကျမအချစ်ပါရဂူ မချစ်မယ်နော်ပါ… LA ခေါ် လပွတ္တာအလယ်ပိုင်းမှ အသံလွှင့်နေပါတယ်… ဟီးဟီးဟားဟား ကိုနားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်"
"ဂြီ…ေဂၚ"

4 comments:
တော်တော်လေးကိုရီရပါတယ်သီသီရေ... ဖြစ်နိုင်ရင် အဲဒီ့နန်းပုဘ၀င်အိုးကို ပေးတောင်ဖတ်ချင်ပါတယ်.... ဟဲဟဲဟဲို
သီရိရေ
ရေးထားတာ အရမ်းရီရတာပဲ... နန်းပုဘ၀င်အိုး သိရင် ဘယ်လိုနေမယ် မသိ...ဟိ ဟိ
I am khine lay. i like it so much.
လပွတ္တာအလယ်ပိုင်းက အသံလွှင့်အတင်းမှားလို့ သတင်းထာန၇ဲ့ အောင်ညင်မှုကို ၀မ်းမြောက်ဂုဏ်ယူမိ့ကြောင်း လက်ဘက်ရည်တိုက်မယ်ဆိုရင် ဒီထက်ပို မြှောက်ပင့်ပေးလိုကြောင်း စာပေလွှာတစ်ထပ် မော်နီတာပေါ်ဖြတ်ပို့လိုက်ပါသည်။
တာတီး
Post a Comment