Tuesday, 9 October 2007

တချိန်တုံးကပါ...

ကျမအနှစ်သက်ဆုံး အရာတခုကြောင့် ကြုံတွေ့ခဲ့ရတဲ့ အလွဲလေးအကြောင်းပါ… ကျမဟာ ရေမွှေးကို တော်တော်လေး ကြိုက်နှစ်သက်ပါတယ်… ကိုယ်ဆွတ်ထားတဲ့ ရေမွှေးအနံ့လေး ကိုယ်ပြန်ရနေရင် စိတ်ကိုချမ်းသာလို့… ကျမရဲ့အကြိုက်ကိုသိတဲ့ ကျမရဲ့အမက မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေမွှေးဝယ်ပေးခဲ့ပါတယ်… Gucci Rush II ပါ… သူ့ရဲ့အနံ့က ချိုအီအီကြီး... ဒါပေမဲ့ ရရခြင်းဆိုတော့ ဘယ်ပြောကောင်းမလဲ… ပျော်ပျော်ကြီးကို ဆွတ်မယ်လို့ အားခဲထားတာ… နောက်နေ့အပြင်သွားမယ်ဆိုတော့ အားရပါးရကို သမ ပစ်လိုက်တာ… ကိုယ့်အနံ့ကိုယ် မခံနိုင်ဘူးဆိုတာ ဒါမျိုးပဲနေမှာလို့တောင် တွေးမိတယ်… တော်တော်ပြင်းတဲ့ အနံ့… ခေါင်းတွေကိုမူးနေတာပဲ… အလေ့အကျင့် မဖြစ်ခင် အတိုင်းအဆမရှိပဲ ဆွတ်လိုက်တာကိုး… ဘတ်စ်ကားပေါ်ရောက်တော့ ပိုဆိုး… လူတယောက်အနားမှာ ကျမ သွားပြီးမတ်တတ်ရပ်မိတော့ အဲဒီ့လူက အခြားဘက်ကို မျက်နှာလွှဲသွားတယ်… နောက်တော့အဲဒီ့လူဘေးက လူတယောက်ထသွားလို့ ကျမ၀င်ထိုင်မိတော့ သူကပေါ်တင်ကို ဆန့်ကျင်ပြီ… လက်ကိုင်ပုဝါလေးထုတ်ပြီး နှာခေါင်းကို ပိတ်လို့… "အမ်… ငါ့နှယ်နော် ဖြစ်မှဖြစ်ရလေ" လို့တောင်တွေးမိတယ်… ဘေးကလူကိုလည်း အားနာ… ကျမကိုယ်တိုင်လည်း မူးနဲ့ ဟုတ်နေတာပဲ… ကျမရေမွှေးအနံ့ကို မရနိုင်တဲ့ ခပ်လှမ်းလှမ်းက လူတွေကတော့ အထင်လွဲသွားကျမှာပဲ… တော်တော်ညစ်ပတ်တယ်နဲ့တူတယ်လို့ တွေးကောင်းတွေးမိကြမှာနော်…

နောက် သုံးလေးပတ်လောက် ကြာတော့ အဲဒီ့ အနံ့နဲ့ ကျမယဉ်ပါးသွားပါတယ်… အဲသလို ဆိုတော့လည်း ရေမွှေးနံ့လေးက ရင်ထဲကို အေးလို့… ကျမ အရမ်းနှစ်သက်တဲ့ အချိန်လည်းကျရော သူလည်း ကုန်ရော… အသက်ရှုရင် သူ့အနံ့လေး မရတော့ တခုခုပဲလိုနေသလိုလို… ခုတော့ နောက်ရေမွှေးရနံ့ တခုနဲ့ ကျမ အသားကျနေပြန်ပါပြီ… Gucci Rush နဲ့ကွာတာက သူက အနံ့သင်းသင်း အေးအေးလေးပါ… ဒီတခါတော့ အရင်ကလို ကျမကို မျက်နှာလွှဲသွားတာ၊ လက်ကိုင်ပုဝါနဲ့ နှာခေါင်းကိုအုပ်ထားတာတွေ မကြုံရတော့ပေမဲ့ ရေမွှေးအဟောင်းလေးကိုပဲ နှစ်သက်မိတုန်းပါ… ဘူးခွံအဟောင်းလေးကိုတောင် တယုတယ ခုထိသိမ်းဆည်းထားဆဲပါ…

လူတွေရဲ့စိတ်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတတ်တယ်ဆိုပေမဲ့ ကျမအတွက်တော့ အချိန်တော်တော်ကြာအောင် မပြောင်းလဲနိုင်တဲ့ အရာတွေထဲမှာ မျှော်လင့်ချက်တွေ အပြင် ယုံကြည်မှုတွေလည်း ရောရောပြီးပါလာတတ်လေတော့…..

2 comments:

မေပျို said...

သီသီရေ...
အဲဒီ့ရေမွှေးက ဘာတံဆိပ်လဲ... သဲပြန်ဝယ်ပေးမယ်လေ... ဟဲဟဲ

Helena said...

Gucci Rush IIပါသဲရေ...တကယ်ဝယ်ပေးနော် :P