Tuesday, 22 January 2008

ချစ်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်

ချစ်သူရဲ့ ရင်ထဲက ခံစားချက်တွေကို

စာရွက်ပေါ်ရေးချတဲ့ အခါ

ကြားခံအဖြစ်သုံးတဲ့ လက်ဖ၀ါးနုနုကို

ဆုပ်ကိုင်ပြီး တူတူလမ်းလျှောက်ထွက်ချင်တယ်။


လိုချင်တာတခုရဖို့ ကျန်တဲ့အရာတခုစွန့်လွှတ်မှတဲ့လား...

ဒါဆို....

ချစ်သူရဲ့ အသံကို အမြဲကြားရဖို့

ငါသိပ်ကြိုက်တဲ့

ဆူဆူညံညံ ရော့ခ်သီချင်းတွေနဲ့ မှစတေးရမယ်ဆိုလည်း

ဒီတသက် ငါ့ ကမ္ဘာမှာ သီချင်းတွေ မရှိလည်းဖြစ်တယ်။


ဖြစ်နိုင်ရင်

ချစ်သူကိုဘေးနားထား

အပေါစားကော်ဖီခပ်ခါးခါးတခွက်

အရသာခံ သောက်ကြည့်ချင်တယ်...

မင်းဘေးနားရှိနေမှတော့

အပေါစားကော်ဖီလည်း

အစွမ်းကုန်ကို ချိုမြိန်နေမှာသေချာတယ်။


မသေခင်ဒီဘ၀မှာ

ချစ်သူ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်

အလွတ်ရပြီးသားရော့ခ်သီချင်းတစ်ပုဒ် ငြီးဆိုရင်း

အပေါစားကော်ဖီတခွက်တော့

အရသာခံသောက်ကြည့်ချင်သေးတယ်။

အလွမ်းခါးခါး

ချိုမြိန်ခြင်းနဲ့ အတိပြီးတဲ့
အချစ်ကတစ်ဖက်…
အလွမ်းခါးခါးတွေ နှိပ်စက်လို့
နာကျင်တဲ့ ခံစားချက်ကတစ်ဖက်နဲ့

မင်းရောက်လာမယ့် အချိန်
တစက္ကန့်ချင်းရေတွက်
ဝင်သက်ထွက်သက်နဲ့ အမျှ
လွမ်းတယ် ချစ်သူ။

Tuesday, 1 January 2008

နာကျင်မှု အဖူးအပွင့်

နာကျင်မှုတွေနဲ့
ဝေဆာပါစေလို့ရယ်တော့
မျှော်လင့်ပြီး စိုက်ပျိုးခဲ့တာ
မဟုတ်ဘူးလေ …. ။

မရည်ရွယ်ထားပေမဲ့လည်း
ဥပက္ခာနဲ့ ဝေဒနာတွေဟာ
သူ့အလိုလို
ဖူးပွင့်တတ်မှန်း
ငါမှ ကြိုသတိမထားမိခဲ့တာ … ။

ငါ ပျိုးကြဲခဲ့တဲ့
ဝေဒနာတွေပါပဲ…
မလိုချင်ရင်တော့
အချိန်မရွေး
ရှင်းလင်းပစ်လို့ ရတယ် … ချစ်သူ။

ဒါပေမဲ့
မင်းနဲ့ ပတ်သတ်သမျှ
ဒီနာကျင်မှုပဲ
ပိုင်ဆိုင်ရမှာ သေချာနေတော့ ……. ။

အစွမ်းကုန်ကို ဖူးပွင့်လိုက်စမ်း
နာကျင်ကြေကွဲမှုရေ…..
ငါ့ရင်ကိုအကွဲခံပြီုး သိမ်းဆည်းထားချင်လို့ …. ။


ရက်အတော်ကြာအောင်ကို ကျမ တာဝန်ဝတ္တရားတွေ ပျက်ကွက်ခဲ့ပါတယ်။ ဘယ်သူ့ဆီမှ မလည်ဖြစ်သလို ကျမဆီ လာလည်ကျသူများကိုလည်း ဧည့်ဝတ်မကျေခဲ့ပြန်ပါဘူး။ အားလုံးကို တောင်းပန်ပါတယ်နော်။ ဘယ်လောက်ထိများလည်းဆိုရင် ၂၈ရက်နေ့မှာ ကျမအဖေဆုံးတာ ၇နှစ်ပြည့် နှစ်ပတ်လည်မှာတောင် ပို့စ်တပုဒ် မတင်နိုင်ခဲ့ဘူး။ ခုတော့ ရေးထားတာ အတော်ကြာနေပြီ ဖြစ်တဲ့ ကျမရဲ့ ကဗျာလေးနဲ့ ပြန်လည်မိတ်ဆက်ပါတယ်နော်။ လာလည်သူများ အားလုံး ကျေးဇူးပါ။ နှစ်သစ်မှ စလို့ မျှော်လင့်ရည်မှန်းသမျှ ကိစ္စ အားလုံး အဆင်ပြေချောမွေ့ကြပါစေ ဆုတောင်းရင်း..... ။

Tuesday, 11 December 2007

ခံစားချက် သက်သက်

ခြေသံကို ခပ်ဖွဖွနင်းရင်း သူမတယောက်တည်း တိတ်တဆိတ် လျှောက်လှမ်းလာ၏။ အခန်းရှေ့ရောက်နေပါလျက်နဲ့ သော့မဖွင့်ပဲ ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် သူမ တွေဝေနေမိပြန်သည်။ ဖွင့်ဝင်သွားလိုက်ပြန်လျှင်လည်း သူမ အကြောက်ဆုံး အမှောင်ထုနှင့်ပဲ ရင်ဆိုင်တွေ့ရဦးမည်။ အတွေးတွေ ယောက်ယက်ခတ်လျက်… သော့ကို လေးပင်စွာ ဖွင့်လိုက်၏။


` ချောက် ´


တံခါးက အလိုက်သင့်ပွင့်သွားပြီး ဆီခမ်းနေသည့် ပတ္တာသံက ကျွီခနဲ ထွက်လာပြန်၏။ သူမ မုန်းတဲ့အထဲမှာ ဒီပျင်းရိပျင်းတွဲ တံခါးသံလည်း အပါအ၀င်ပင်။ ပြန်ပိတ်လိုက်တော့လည်း ဆွဲဆွဲငင်ငင် အော်မြည်ပြန်၏။


` ဟူးးး…. ´


သူမ သက်ပြင်းရှည်တချက်ချလိုက်မိသည်။ အထဲရောက်ပြန်တော့ ဘာမှ ထူးထူးခြားခြား ကြည့်စရာ မြင်ချင်စရာ မရှိမဲ့ အတူတူဆိုတဲ့ စိတ်နဲ့ မီးမဖွင့်တော့ပဲ အမှောင်ထဲ စမ်းတ၀ါးဝါး လှမ်းလျှောက်လာခဲ့လိုက်သည်။ သူမ မျှော်လင့်ခဲ့ဖူးပြီး ခုထိလည်း မျှော်လင့်ဆဲဖြစ်တဲ့ အိမ်အပြန်မှာ စောင့်ကြိုနေမယ့်သူဆိုတာ……. ။ ဆက်မတွေးချင်တော့….. ။


စမ်းတ၀ါးဝါးလျှောက်ရင်း သူမအခန်းထဲရောက်မှ မီးခလုတ်ကို စမ်းပြီးဖွင့်လိုက်တော့သည်။ ကုတင်ပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်တော့ တနေ့လုံး ပင်ပန်းခဲ့သမျှ နည်းနည်း သက်သာသွားသလိုတော့ ထင်ရ၏။ အခုလို သူမ ပင်ပင်ပန်းပန်း ပြန်လာရချိန်မျိုးမှာ အမြဲ ၀င်ချွဲလေ့ရှိခဲ့ဖူးတဲ့ မေမေ့ရင်ခွင်ကိုလွမ်းသည်။ အို… ဒါတွေလည်း ပြန်မတွေးချင်တော့။ လက်ရှိဘ၀မှာတော့ သူမ တယောက်တည်း အထီးကျန်နေခြင်းသာ အမှန်တရား ဖြစ်၏။ ရေချိုးလိုက်ရင် ငြီးငြူနေတဲ့ စိတ်တွေ သက်သာကောင်းရဲ့ ဆိုတဲ့အတွေးနဲ့ Bath-tub ကို ရေပူ ရေအေးမျှအောင် ဖြည့်ထားလိုက်သည်။ ရေမပြည့်ခင် ဘာမှ လုပ်ချင်စိတ်မရှိတာကြောင့် ကုတင်ပေါ်ပြန်လှဲနေမိ၏။


လူတိုင်း လူတိုင်းဟာ တနေ့တာလုံး ဘယ်လိုပဲ မဟုတ်မမှန်တာတွေ လုပ်ခဲ့လုပ်ခဲ့ ညအိပ်ရာဝင်ခါနီး စိတ်ငြိမ်နေတတ်ချိန်ကျ ကိုယ်လုပ်ခဲ့သမျှတွေကို တခါလောက်တော့ ပြန်တွေးရင်း ခြောက်ခြားတတ်ကြတယ်တဲ့။ ဒီခံစားချက်မျိုး သူမကောင်းကောင်းသိတာပေါ့။ ဒီနေ့ သူမ ဟန်ဆောင်ခဲ့ရတာတွေကို စိတ်ရောက်သွားပြန်၏။ အို.. သွားကြစမ်း… ။ ဒီအတွေးတွေ… ။ မလာကြနဲ့။ ဒါ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းပဲ။ ကိုယ့်စိတ်ခံစားမှု မဟုတ်ပဲ ဟန်ဆောင်နေရတာ ငါ့ဘ၀ပဲဟာ။ စိတ်တွေ ဂယောက်ဂယက်နဲ့ ဘာကို ဘ၀င် မကျဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တော့။ သတိတချက် ပြန်ဝင်လာလိုက်တော့ Bath-tub ထဲက ရေတွေ ပြည့်ပြီး အောက်ကို လျှံကျနေ၏။


ရေတွေ လျှံကျရလောက်အောင် အတွေးလွန်နေရကောင်းလားလို့ ဆူပူ အပစ်တင်မယ့်သူလည်းမရှိ။ ဆူပူ အပစ်တင်ခံရဖို့ ကံ ကုန်သွားပြီလားလို့ တွေးရင်း တစ်ကိုယ်တည်း သဘောကျမိပြန်၏။ ဟုတ်တယ်။ သူမရဲ့ စိတ်တိုစရာ၊ သဘောကျစရာနဲ့ ပျော်ရွှင်စရာ ကိစ္စတစ်ချို့မှာ မျှဝေခံစားပေးဖို့ လူတစ်ယောက် မရှိခဲ့တာ ကြာလှပေါ့။ ရေဘုံဘိုင်တွေ ပြန်ပိတ်ပြီး ရေထဲ အသာဝင်စိမ်နေလိုက်တော့သည်။ မျက်စိကို အသာမှိတ်လိုက်မိတော့ သူ့မျက်နှာကို သွားမြင်ယောင်မိ၏။ နှင်းတွေ တဖွဲဖွဲကျနေတဲ့ မနက်ခင်း တခုမှာ သူနဲ့ သူမ အတူတူ လက်တွဲလျှောက်ရင်း သူမတို့နှစ်ယောက်ရဲ့ ရှေ့ရေးတွေ တိုင်ပင်ခဲ့ကြဖူးသည်။ ဒီမျှော်လင့်ချက်တွေဟာ နောက်ဆုံးတော့လည်း နှင်းငွေ့တွေ နေရောင်အောက်မှာ ပျောက်ကွယ်သွားတတ် သလိုပဲေ၀၀ါးသွားကြပြန်သည်။ မှိတ်ထားတဲ့ မျက်စိထောင့်စွန်းမှ မျက်ရည်ကြည်တို့ တလိမ့်လိမ့်ကျပြီး ရေနဲ့ရောသွား၏။ မျက်ရည်ကျစေနိုင်လောက်တဲ့ ခံစားချက်မှာတော့ ရေတပေါက်တောင် မရောနှောပဲ အမှန်တကယ်ကို ခါးသီးနာကျင်လွန်းသည်။ လိမ်ညာပြီး ငိုယိုဖူးခဲ့တာ အကြိမ်ပေါင်းမနည်းပေမဲ့ ခံစားချက်ပါ ရောပါနေတော့ ရင်ဘတ်ထဲက ခပ်အောင့်အောင့်။


မျက်နှာမပေါ်နိုင်တော့သည် အထိ ရေထဲမှာ လှဲချလိုက်သည်။ ဒီလိုမျိုး ရေအောက်မှာ အသက်ရှူရပ်ကာ သူမကိုယ်သူမ အဆုံးသတ်လိုက်ဖို့ တွေးဖူးတာ မရေမတွက်နိုင်တော့။ ခုလည်း ဘာမှန်းမသိတဲ့ တွန်းအားတခုကြောင့် သူမ ပြန်ထလိုက်တော့၏။ အချိန်တွေ အတော်ကြာသွားပုံ ရ၏။ ခပ်နွေးနွေးရေက အေးစက်နေကြလေပြီ။


ရေစိုနေတဲ့ ဆံပင်ခွေခွေတွေကို ဆက်မသုတ်တော့ပဲ ကုတင်ပေါ်လှဲချလိုက်သည်။ ဒါ သူမရဲ့ အကျင့်လိုတောင် ဖြစ်နေပြီလေ။ ဂရုဏာဒေါသောနဲ့ သူမ ဆံနွယ်တွေ တယုတယ သုတ်ပေးမယ့်သူလည်း မရှိ။


` ဟား … ဟား … ဟား … ´

ခန္ဓာကိုယ် တသိမ့်သိမ့်ဖြစ်သွားသည်အထိ ရီမောလိုက်၏။ ရီသံတွေမှာ အသက်ပါလား မပါလား ဝေဖန်ပိုင်းခြားမယ့်သူ အလျှင်းမရှိ။ နံရံလေးဖက်ပတ်လည် အခန်းထဲမှာ ရှာကြည့်လိုက်ရင် သွေးပျက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတတ်တာ အထူးအဆန်း မဟုတ်တော့။ နည်းနည်းကြာလာတာနဲ့ ဒီအတွေးက ၀င်လာပြန်၏။ ဒါ သူမ အမြဲတွေးဖြစ်နေကြ။ သူ့ကြောင့်လည်း ကိုယ့်ဘ၀ကိုယ် အဆုံးသတ်ဖို့ ခဏခဏ ကြံစည်ခဲ့ဖူးတာ။ တကယ်တော့ … တကယ်တော့… သူမဟာ လူတွေ အားလုံးကို လိမ်ညာလှည့်ဖျားပြီး အသက်ရှင်နေရတာ။ တကယ်မဟုတ်တာတွေကို လိမ်ညာပြောဆိုရင်း လျှောက်လှမ်းနေခဲ့တာ။ ရင်ထဲမှာ ပျော်ရွှင်နေပေမဲ့ လိမ်ညာ ဟန်ဆောင်သူတို့ ထုံးစံအတိုင်း သူမ ငိုခဲ့ဖူးသည်။ ပလီပလာလည်း ပြောဖူး၏။ အိုး… ဒါတွေ မကြိုက်ပေမဲ့ ချစ်သူကိုတောင် အဆုံးရှုံးခံပြီး ဒီလမ်းကို ဆက်လျှောက်ခဲ့ပြီးမှ သူမ နောင်တမရချင်တော့။


ဒီအတိုင်းကြီးတော့ လက်မလျှော့လိုက်ချင်။ သူမ အတွက် ထွက်ပေါက်က ဒီတလမ်းပဲ ရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေမိသည်။ ကုတင်ခေါင်းရင်းက ခုံပေါ်တင်ထားတဲ့ ဆေးဗူးအဖြူရောင်လေးဆီ မျက်စိကရောက်သွား၏။ ချက်ချင်းဆိုသလို လက်တွေ ကတုန်ကယင်နဲ့ လှမ်းယူလိုက်မိတော့သည်။


` ဒါ မဖြစ်သင့်ဘူး။ ငါ မလုပ်သင့်ဘူး။ ´


စိတ်ကို နိုင်အောင် အကြိမ်ကြိမ် ထိန်းနေပေမဲ့ အခုန်မြန်လွန်းနေတဲ့ ရင်ဘတ်ထဲက နှလုံးသားက လည်ပင်းကနေပဲ ခုန်ထွက်လာတော့မလို။ ဇောချွေးတွေ ပြန်ရင်း စိတ်အလိုမကျမှု၊ အားငယ် သိမ်ငယ်မှု၊ အထီးကျန်မှုအပြင် နောင်တရတာလား၊ ဂုဏ်ယူမိခဲ့တာလား မခွဲခြားနိုင်တော့တဲ့ ရှုပ်ထွေးခြင်းများနဲ့ ……. ။


` …………………………… ´

ဘယ်နှစ်လုံးမှန်း မသိတဲ့ အရေအတွက် တချို့ပါးစပ်ထဲ ပစ်သွင်းရင်း ရေကို တရှိန်ထိုးမော့ချလိုက်သည်။ ခပ်လျော့လျော့ ပြန်လှဲလိုက်ပြီး မျက်စိတို့ အသာမှိတ်ထားလိုက်သည်။ ပတ်ဝန်းကျင်က လေထုက ရုတ်တရက် အအေးဓါတ်ပိုလာသလို ခံစားလိုက်ရ၏။ ဒါမှမဟုတ် ရင်ထဲက ခံစားချက်တွေပဲ အေးစက်ခြောက်သွေ့လာတာလား။ ဝေခွဲလို့ မဆုံး နိုင် သေး ခင် မှာ ……….. ။


*** *** ***


နောက်တနေ့မနက်စောစောထွက်သည့် ဂျာနယ်တစ်စောင်၌ လူတိုင်း စိတ်ဝင်တစား ဖတ်ပြီး မယုံနိုင်ကြသည့် သတင်းတစ်ပုဒ်ကြောင့် ဂယက်ရိုက်သွား၏။ မျက်နှာဖုံးမှာ စာလုံးအမဲကြီးနှင့်။


နိုင်ငံကျော် ရုပ်ရှင်မင်းသမီး …….. ရုတ်တရက် သေဆုံးသွားခြင်း။


မင်းသမီး …. သည် မနက်စောစော ရှူတင်သို့ အချိန်မီရောက်မလာ၍ ဆက်သွယ်ကြည့်ကြရာ နေအိမ်၌ သေဆုံးနေကြောင်း သိရှိခဲ့ရသည်။ မိမိကိုယ်ကိုယ် သတ်သေခြင်းလား၊ ဆေးစားမှားခြင်းလား ဆိုတာကိုတော့ အတိအကျ မသိရှိရသေးကြောင်း၊ မင်းသမီး၏ ပုဂ္ဂလိက ဆရာဝန် ပြောကြားချက်မှာမူ မင်းသမီး၌ စိတ်ကျရောဂါစွဲကပ်နေပြီး ဆေးကုသမှု ခံယူနေရင်းမှ ခုလိုဖြစ်သွားရတာ အင်မတန်မှ ၀မ်းနည်းစရာကောင်းကြောင်း ပြောကြားသွားပါသည်။

Wednesday, 5 December 2007

happy birthday ...

ကျေးဇူး မေမေ


အရမ်း ချမ်းနေတဲ့

ဒီဇင်ဘာလရဲ့ အရုဏ်တက်မှာ

အသက်နဲ့ရင်း ကြင်နာခြင်းစခဲ့တဲ့

မေမေရေ…

ကျေးဇူးပါနော်။


ဖြတ်သန်းခဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်

လိုချင်တာ ရလို့ ပျော်ခဲ့ဖူးတာထက်

ကံကြမ္မာ အချိုးအကွေ့ ခပ်ကြမ်းကြမ်းကြောင့်

ငိုခဲ့ရတာတွေ ပိုပြီး အမှတ်ရနေတယ် မေမေ…. ။


ဒါပေမဲ့လေ

မေမေပေးတဲ့ မေတ္တာနဲ့ သတ္တိတွေထမ်းပိုး

သမီးဆက်လျှောက်နိုင်အောင် ကြိုးစားမယ်

အနားကတော့ လမ်းပြလှည့်ပါဦး မေမေ။


ဆိုးခဲ့ မိုက်ခဲ့တာတွေ

အပြစ်မမြင်

ဆုံးမပဲ့ပြင်လို့ အကြွင်းမဲ့ ပေးဆပ်တဲ့ မေမေရေ..

မေမေ နားခိုဖို့

သစ်ပင်တပင် မဖြစ်နိုင်သေးရင်တောင်မှ

ဆူးညှောင့် ခလုတ်တော့ မဖြစ်စေရဘူးနော်။


ကျမ ဒီ အသက်အရွယ်ထိ ရောက်အောင် ကျွေးမွေး ပြုစု စောင့်ရှောက်ခဲ့တဲ့ မေမေ့ ကို မွေးနေ့မှာ ကဗျာလေးနဲ့ ဦးညွှတ်ရင်း… ။

ခု၇ရက်နေ့မှာ ရောက်ရှိမယ့် မွေးနေ့က ကျမ အသက် ၂၃ နှစ်မြောက် မွေးနေ့လေးပါ။ လာလည်ကြတဲ့သူ အားလုံး အားလုံး ကို ကျေးဇူးပါနော်။ ကဲ… ခု မုန့်ကျွေးမယ့် အစီအစဉ်လေး စရအောင်... ကျမက အစပ်ကြိုက်တော့ ယိုးဒယား အစားအစာ စပ်စပ်လေးတွေနဲ့ ဧည့်ခံလိုက်မယ်နော်။ စားပြီးလို့ အရမ်းစပ်နေလည်း ဘာမှ မပူနဲ့နော်။










ဟီးဟီး.. နောက်ဆုံး အချိုပွဲ မစားခင် စားသွားဦးနော်။ ခင်ရင် အကုန်စား။ မခင်ရင်လည်း တတောင့်တော့စား။
ကိတ်မုန့် နဲ့ coffee latte ရှိသေးတယ် ။ ကော်ဖီမကြိုက်သူတွေ အတွက်ကတော့ ရေခဲမုန့် နဲ့ အသီးဖျော်ရည် လည်း ပါတယ်နော်။ နည်းနေသေးရင် တောင်းပန်ပါတယ်။ ကော်နက်ရှင်အစုတ်ပလုတ်ကို အံတုပြီး အမြန်တင်ထားရတာ မို့လို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပါလို့…. ။





Wednesday, 28 November 2007

စမ်းသပ်နေပါသည် တစ်၊ နှစ်၊သုံး (၅)

`ဂွီ… ဂေါ်´


`မင်္ဂလာပါရှင်… LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့်ဌာနမှ အသံလွှင့်ဖို့ အချိန်ကျရောက်လို့ လာပြန်ပါပြီ။ အခု တင်ဆက်ပေးမဲ့ အစီအစဉ်လေးကတော့ ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် ဆိုတဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်များကို ဟီးဟီးဟားဟားသို့ အလှည့်ကျ ဖိတ်ကြားသွားမှာပါ။ နားသောတဆင်သူများထဲမှ ၀ါသနာပါသူများက ဟီးဟီးဟားဟားထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ပြည်သူချစ်တဲ့ အနုပညာရှင်များနဲ့ တိုက်ရိုက်စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ် ပရိသတ်နဲ့ တိုက်ရိုက်စကားပြောဖို့ အလှည့်ကျတာကတော့ တက်သစ်စ မင်းသမီးလေး နန်းပုဘ၀င်အိုး ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို တင်ဆက်သူ အဖြစ် ကျမ မသိပ်သိပ်ချစ်က ဆောင်ရွက်မှာဖြစ်ပါတယ်။ တိုက်ရိုက်အသံလွှင့်မှာ ဖြစ်တဲ့ အတွက် စကားပြောရာမှာ အထူးသတိထားရမှာ ဖြစ်ပြီး ၃ မိနစ်ပြည့်လို့မှ လေကြောမပြတ်သေးရင် ကျမ သိပ်သိပ်ချစ်က ဖုန်းလိုင်းကို ဖြတ်ပစ်လိုက်မှာ ဖြစ်ပါတယ်ရှင်… မင်္ဂလာပါ ညီမငယ် နန်းပုဘ၀င်အိုး ရေ´


`ဟုတ်ကဲ့ မင်္ဂလာပါ မမ ရေ´



` ညီမ အဆင်သင့် ဖြစ်ပြီဆို ဖုန်းစ လက်ခံလိုက်ရအောင်နော် ´


` ဟုတ် မမ ´


`မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… မ မမ မမမ သိပ် သိပ်သိပ် သိပ်သိပ်ချစ်ရေ ဖုန်းလာနေပါတယ်ဆို´


` ညီမငယ် နန်းပု ရေ… ဖုန်းကိုင်လိုက်လေကွယ်။ အဲ့ဒါ မမဖုန်းရဲ့ own tune ဖုန်းမြည်သံ ကွယ့် ´


` အော် ဟုတ်ဟုတ်… ဟဲ့..လို ´


` ဟို.. လေ.. မနန်းပုဘ၀င်အိုး လားဟင် ´


` အော် ဟုတ်ပါတယ် နန်းပု ပြောနေပါတယ်နော်။ ပြောပါ ´


` ကျနော်က ဟိုဥစ္စာလေ… ´


` ရှင် ဘယ်ဥစ္စာလဲ ´


` ကျနော်က ပထမဆုံး မဟုတ်လားဟင်… ၀မ်းသာလိုက်တာဗျာ… ခုလို ဖုန်းဆက်လို့ ရဘို့ ကျနော် အတော့် ကို ကြိုးစားလိုက်ရတာ ´


` ဟုတ်ကဲ့… နန်းပုလည်း အရမ်းဝမ်းသာပါတယ်… နန်းပုနဲ့ ပြောချင်လွန်းလို့ အရမ်း ကြိုးစားခဲ့ရတာပေါ့ ဟုတ်လား.. ဘာပြောချင်လဲ ပြောလေ ´


` အမရဲ့ ဟို ဥစ္စာလေ… ကျနော့ ကို ပို့ပေးပါလား… ဓါတ်ပုံလေ ´


` အော်… ရပါတယ်.. ပို့ပေးရမှာပေါ့… တောင်းထားတဲ့ လူတွေက အရမ်းများတော့ မှတ်ထားရမှာမို့ လိပ်စာလေး ပြောဦးလေ ´


` ကျနော့ ဟိုဥစ္စာက.. ဟိုလေ… အမှတ် (၀၀၁)၊ ဟိုလမ်း၊ ဒီရပ်ကွက်၊ ဟိုဒီမြို့နယ်ပါ ခင်ဗျာ ´


` မှတ်ထားလိုက်ပြီနော်… ပို့ပေးလိုက်မယ် စိတ်ချ ´


` ကျနော်.. ဟိုဟာလေ…. ´


` ဂလောက် ´


` သုံးမိနစ်ပြည့်နေပြီမို့ အမ ဖုန်းလိုင်းဖြတ်ပစ်လိုက်တာပါ ညီမငယ်ရေ ´


` အော် အဟင်း ဟုတ်ကဲ့ ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` ကျနော်က နံပါတ် ဘယ်လောက်လဲဟင် ´


` အဟင်း နံပါတ် ၁၄၆ ယောက်မြောက်ပါ အဟိ ´


` ဗျာ အဲ့ဒီ့လောက်တောင် ကြာပြီလား ဖုန်းထိုင်ပြောနေတာ ´


` အော်… အဟင်း ဆောဒီးနော်… နန်းပုကို ချစ်ခွင့်တောင်းထားတဲ့ လူ ဘယ်နှစ်ယောက်ရှိပြီလဲ မေးတာနဲ့ မှားချင်ယောင်ဆောင်ပြီး ကြွားလိုက်တာ… အရမ်းများ သိသာသွားလား မသိဘူး အဟင်း ´


` ဟာ နန်းပုက အရမ်း လူချစ်လူခင်ပေါတာပဲဗျာ… ´


` အင်း ဟုတ်တယ်… အဲသလိုပဲ ပြောကြတာပါပဲ ´


` ဒါနဲ့လေ ဟိုတခါ စိန်ထောပတ်ပို့လိုက်တဲ့ သူနဲ့ရော အပြင်မှာ တွေ့ပြီးပြီလား ခင်ဗျ ´


` အို… ဘာတွေလာပြောနေတာလဲလို့… ဒီက ခေးပဲ ရှိသေးတာကို.. မေမေသိရင်တော့ ဆူတော့မှာပဲ… ဒါတွေ မစဉ်းစားသေးပါဘူးဆို ဒါပဲ လာလာမေးနေ.. ဟွန့် နောက်တခေါက်လောက်.. အဲလေ ´


` ဂလောက် ´


` ညီမ မေမေကြားရင် အစီအစဉ်တင်ဆက်တဲ့ မမသိပ်သိပ်ချစ်ကိုပါ ရောပြီးဆူမှာ ကြောက်လို့ ဖုန်းလိုင်းဖြတ်လိုက်ရပါတယ်နော် ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` နန်းပု အခုဘာလုပ်နေလဲဟင် ´


` နန်းပုလား… ဖုန်းပြောရင်း ခေါင်းယားလို့ လက်တဖက်နဲ့ ကုတ်နေတယ်ရှင့် ´


` အဲဒါပြောတာ မဟုတ်ဘူးလေ… ကျနော်ပြောတာက အနုပညာရေးရာ ခင်ဗျ ´


` အော်… နန်းပု အခု ဗွီဒီယိုဇာတ်ကား တကား ရိုက်နေတယ်လေ… မင်းသားက ကိုထွန်းထွန်း( ဥမပါ ) … အာ… မဟုတ်ပါဘူး… သူ့ကို နောက်နေကျမို့ အကျင့်ပါသွားလို့… ကိုထွန်းထွန်း( ဥပမာ ) ကိုပြောတာ… ဇာတ်လမ်းလေးကတော့ ရိုးရိုး ဟဲဗီး ဖန်စီလေးပါပဲ ´


` အော် ဟုတ်.. ဒါပဲနော်.. နောက်မှာ ဖုန်းဆက်မယ့် သူတွေ စောင့်နေ…. ´


` ရပါတယ်… သုံးမိနစ်မှ မပြည့်သေးတာပဲ.. ဟာပဲ ´


` မဟုတ်ဘူးလေ… ကျနော့် နောက်က ဖုန်းဆက်ဖို့ တန်းစီနေတဲ့ သူတွေ အားနာလို့ ခင်ဗျ… ဒါပဲနော် ´


` ဂလောက် ´


` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´


` ဟဲ့.. လို ´


` နန်းပုလေးလားဟင်… ၀မ်းသာလိုက်တာ.. အန်တီကလေ နန်းပုကို အရမ်းကြိုက်တာ…. နန်းပု ဘာလေး ၀တ်ဝတ် လှတယ် သိလား… သရုပ်ဆောင်တာကလည်း အရမ်း ကောင်းတာပဲ… သီချင်းဆိုတာကလည်း ပြောမနေပါနဲ့တော့… ပညာရေးလည်းတော်လိုက်တာ… အိမ်မှာလည်း အရမ်း လိမ္မာတယ်ဆို… အမေ့ စကားလည်း အရမ်းနားထောင်တဲ့ သမီး လိမ္မာလေး ဆို ´


` ဟယ်.. နန်းပု အကြောင်းကို အရမ်း သိတာပဲနော် ´


` အော် သိတာပေါ့လို့.. ဒါနဲ့ သူများတွေကလေ နန်းပုကို ကြွားတယ် ကြွားတယ်နဲ့ ပြောတာ တကယ်တော့ ကိုယ်တွေက အဲလေ နန်းပုတို့က ကြွားနိုင်တဲ့ အခြေအနေမို့လို့လဲ ကြွားတာပေါ့… ဟုတ်တယ်မှတ်လား… အဲဒါ ကိုယ့်လို အဲလေ နန်းပုလို မကြွားနိုင်တဲ့ သူတွေ သက်သက်မဲ့ မနာလို ဖြစ်လို့ ပြောနေတာ သိလား ´


` ဟုတ် နန်းပု မေမေလည်း အဲ့လိုပဲ ပြောတယ် ´


` ဒါနဲ့ နန်းပု အမေကလည်း အရမ်းချောဆို… အပြင်က မြင်ဘူးတဲ့ သူတွေ ပြန်ပြောကြတာ ကြားဖူးတယ်.. တကယ်တော့ နန်းပုလေး အဲ့ဒီ့လောက်လှနေတာ မအေတူ သမီးလေးထင်တယ်နော် ´


` ဟုတ်… ဒါနဲ့လေ နာမည်လေးပြောပြပါဦး… နန်းပု ဒီအသံမျိုး ကြားဖူးသလားလို့ ´


` အော်… ဒါလားကွယ် အဟွန်းဟွန်း ´


` ဂလောက် ´


` တခု ကြိုပြောထားဖို့ မေ့သွားလို့ ဖုန်းလိုင်းဖြတ်လိုက်ရတာပါ… ညီမငယ်ရေ ဒီအစီအစဉ်ကလေ ကုန်ပစ္စည်းတွေမှာ ကံစမ်းမဲဖောက်တာလေးနဲ့ စည်းကမ်းချင်းသွားတိုက်ဆိုင်နေတယ်… ကံစမ်းမဲဖောက်တဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ ဆွေမျိုးသားချင်းတွေကို ပါဝင်ခွင့်မပြုဆိုတာမျိုးလေးလေ… ဒါကြောင့် ဖုန်းလိုင်း ဖြတ်ပစ်လိုက်တာပါကွယ်.. ကျေးဇူးတင်ပါတယ် ညီမငယ်ရေ… ခုတော့ ပရိသတ်ကြီးဆီက ဖုန်းလက်ခံတဲ့ အစီအစဉ်ပြီးပြီမို့ ညီမလေး စိတ်ကြိုက် ပရိသတ်ကို နှုတ်ဆက်ပါဦးကွယ် ´


` ဟုတ်… နန်းပု အခုလို ပရိသတ်ကြီးနဲ့ တိုက်ရိုက်ပြောဆိုဖြေကြားပေးရတာ အရမ်းကို ၀မ်းသာပါတယ်… နန်းပုကို အရမ်းချစ်ကြတာ သိရလို့အရမ်းလည်း ကျေနပ်ပါတယ်နော်… နန်းပုဆီကို အမည်မဖော်ပဲနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့နေတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်… အထူးသဖြင့် အထက်တန်းကျောင်းတုန်းက ` ကလေးရယ် ´ သီချင်းနဲ့ တမျိုး၊ တက္ကသိုလ်တက်တော့ ` မ ´ သီချင်းနဲ့ တဖုံ၊ ` ကိုယ် မနေနိုင်ဘူးကွယ် ဖွင့်ပြောလိုက်တော့မယ်.. တော်ကြာ သူစိတ်ဆိုးမှာလည်း ဆိုး ´ ဆိုပြီး တည့်တည့်ပြောကြတဲ့ သက်တူ သူငယ်ချင်း အားလုံး အားလုံး.. နန်းပုကို ခုလို ချစ်ပေးကြလို့ ကျေးဇူးအထူးတင်ပါတယ် လို့… နောက် ဂျပန် အလည်သွားတုန်းက မွန်ဂိုးလီးယား ရေသန့်မင်းသမီးလေးနဲ့ တူတယ်ဆိုပြီး ၀ိုင်းကြည့်ကြသူ အားလုံးလည်း ကျေးဇူးမမေ့ပါဘူးနော် ´


` ခုလို ဟီးဟီးဟားဟားနဲ့ ပူးပေါင်းပြီး ဒီတပတ် ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် အစီအစဉ်လေးမှာ ၀ိုင်းဝန်းကူညီပေးတဲ့ ညီမ နန်းပုရေ ကျေးဇူးပါကွယ်… နောက်တပတ်မှာလည်း ၀ိုင်းရွှီး ၀ိုင်းဖော ဖို့ ဘယ်သူ့ကို ဖိတ်ခေါ်ပေးမလဲ ဆိုတာကို ကြားဖြတ် ကြေငြာမေးသွားမှာ ဖြစ်ပါတယ်ရှင်… ဒီအစီအစဉ်လေး တင်ဆက်ချိန်မှာ ဖုန်းဆက်ပြီး ၀င်ရွှီးချင်တယ်ဆိုရင်ဖြင့် ဖုန်းနံပါတ် 09-909-0420 ကို ဆက်သွယ်နိုင်ပါတယ်ရှင်… စီစဉ်သူကတော့ ကျမ မသိပ်သိပ်ချစ်ပါ.. ဟီးဟီးဟားဟားကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင် ´


` ဂွီ… ဂေါ် ´